Home
မြန်မာသတင်း
စစ်တပ်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရန် အာဆီယံနိုင်ငံများကို  HRW သတိပေး
DVB
·
February 6, 2026
Photo: FCCT

အာဏာသိမ်းစစ်တပ်က ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်တွေက ယုံကြည်စိတ်ချရမှုမရှိ တာကြောင့် အာဆီယံဒေသတွင်း ဘယ်အစိုးရကမှ အသိအမှတ်မပြုသင့်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဖေဖော်ဝါရီ ၅ ရက်မှာ သတိပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားသတင်းထောက်များအသင်း (FCCT) မှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် နှစ်ပတ်လည် ကမ္ဘာ့အစီရင်ခံစာ မိတ်ဆက်ပွဲမှာ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ အယ်လိန်း ပီယာဆန်က ခုလိုပြောလိုက်တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း စစ်ကောင်စီဟာ သူတို့ရဲ့ စစ်အုပ်ချုပ်ရေးကို ခိုင်မာအောင် လုပ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၃၃,၀၀၀ ကျော် ရှိနေပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ် ဝေဖန်ရေးသားသူတွေဟာလည်း အပြစ်ပေးခံနေရတယ်လို့ သူက ပြောပါတယ်။

အစီရင်ခံစာ သတင်းထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီက ကြိုးကိုင်ခြယ်လှယ်ထားတဲ့ ရွေးကောက်ပွဲတွေကတဆင့် ခိုင်မာအောင် ကြိုးပမ်းနေတာကြောင့်၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ပြီးခဲ့တဲ့ တနှစ်အတွင်း ပိုမိုမြင့်တက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဆိုပါရွေးကောက်ပွဲတွေက “နိုင်ငံရေးအတိုက်အခံအားလုံးကို ချေမှုန်းဖို့၊ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းမှုတွေကို ဟန့်တားဖို့နဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံတော်စနစ်ကို အမြစ်တွယ်စေဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေမှာ အဓိက အချက်အချာဖြစ်တယ်" လို့ အစီရင်ခံစာက ဆိုပါတယ်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ ရွေးကောက်ပွဲ ကနဦးရလဒ်တွေက စစ်တပ် လက်ဝေခံ ကြံ့ဖွံ့ပါတီက အပြတ်အသတ် အနိုင်ရရှိကြောင်း ပြသနေသလို ဒါက ကြိုတင်စီစဉ်ထားတဲ့ အတိုင်းပဲ ဖြစ်တယ်။”

ဒါ့အပြင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ခဲ့ကြတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ စစ်ကောင်စီကို  လေယာဉ်နဲ့ လက်နက်တွေ အဓိကထောက်ပံ့ပေးနေသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် အပြည်ပြည်ဆိုင်ရာက အရေးယူဆောင်ရွက်မှုတွေကို ပိတ်ဆို့ဟန့်တားရင်း စစ်ကောင်စီကို ကာလရှည်ကြာ ထောက်ခံအားပေးလာခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

Photo: FCCT

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013