
ဂျပန်နိုင်ငံမှာ နှင်းပြိုကျမှုကြောင့် သေဆုံးသူ ၃၅ ယောက်အထိ တိုးလာတဲ့အတွက် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံမှာ နှင်းကျမှုနှုန်း အရမ်းများခဲ့ပြီး ၂ ပတ်ကျော်လာတဲ့အချိန်မှာ အိမ်ပြိုကျတာတွေနဲ့ လမ်းပိတ်ဆို့မှုတွေ ဖြစ်လာသလို လူသေဆုံးမှုတွေနဲ့ပါ ကြုံတွေ့နေရပါတယ်။
ဇန်နဝါရီလကုန်ပိုင်းကတည်းက မြောက်ပိုင်းရှိ အာအိုမိုရီမြို့မှာ နှင်းကျမှု ဆိုးရွားလာကာ နှင်းထုဟာ ၆ ပေလောက်အထိ ရှိလာတာကြောင့် ဒေသခံတွေဟာ အိမ်ကနေထွက်ဖို့တောင် ခက်ခဲခဲ့ပါတယ်။ ဒါ့ကြောင့် ကျောင်းတွေ အလုပ်တွေ ပိတ်ထားရတဲ့အထိ ဖြစ်လာပါတယ်။
ဗုဒ္ဓဟူးနေ့ကတော့ အာအိုမိုရီမှာ အပူချိန်ပြန်မြင့်တက်လာပြီး ၈ ဒီဂရီဆဲလ်စီးယက်ကို ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့ ၂ ပတ်အတွင်း နှင်းကျမှု အရမ်းများခဲ့တာကြောင့် အိမ်ခေါင်မိုးပေါ်မှာ အတုံးလိုက် စုပြုံနေခဲ့ပြီး ဒီနှင်းပြိုကျမှုတွေက လူတွေကို ဒဏ်ရာရစေသလို သေဆုံးတဲ့အထိလည်း ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၀ ရက်ကစပြီး နှင်းပြိုကျမှုတွေကြောင့် လူသေဆုံးမှု ၃၅ ယောက်အထိ ရှိလာခဲ့ပြီး လူပေါင်း ၃၉၃ ယောက် သေဆုံးခဲ့တယ်လို့ မီးဘေးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။
သေဆုံးသူအများစုဟာ အိမ်ခေါင်မိုးပေါ်က နှင်းတွေကို ဖယ်ရှားချိန် နှင်းထုပိပြီး သေဆုံးကြတာ ဖြစ်ပါတယ်။
ရုပ်သံတွေမှာတော့ ဒေသခံတွေဟာ နှင်းပုံကြီးတွေကြားမှာ လမ်းလျှောက်နေတာ တွေ့ရပြီး ကားတွေ သွားလာလို့ရအောင်တော့ လမ်းတွေ ရှင်းပေးနေတာ တွေ့ရပါတယ်။
နစ်ဂါတာဒေသမှာလည်း နှင်းပြိုကျလို့ လူတယောက် သေဆုံးခဲ့ကာ နောက်တယောက်ကိုလည်း ကားဂိုထောင်ထဲမှာ သေဆုံးလျက် တွေ့ခဲ့တယ်လို့ ဖူဂျီရုပ်သံက ဖော်ပြပါတယ်။
အစိုးရကတော့ မြောက်ပိုင်းဒေသတွေကို တပ်ဖွဲ့တွေ စေလွှတ်ပြီး ကူညီမှုတွေ လုပ်ဆောင်နေပါတယ်။
ဂျပန်နိုင်ငံမှာ လာမဲ့ရက်တွေမှာလည်း နှင်းတွေပိုကျပြီး အအေးဒဏ်ပိုခံရမယ်လို့ မိုးလေဝသဌာနတွေက သတိပေးထားပါတယ်။
Source: Reuters


