Home
နိုင်ငံတကာ
ဂျပန်ရွေးကောက်ပွဲ၌ တာကာအိချိ၏ LDP ပါတီ တောင်ပြိုကမ်းပြိုနိုင်မည်ဟု ခန့်မှန်း
DVB
·
February 3, 2026
Photo :Reuters

ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမဲ့ ဂျပန် အောက်လွှတ်တော်ရွေးကောက်ပွဲမှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဟာ တောင်ပြိုကမ်းပြို အနိုင်ရမယ်လို့ အဆာဟိရှင်ဘွန်း သတင်းစာက ခန့်မှန်း ဖော်ပြပါတယ်။

ဆာနာအဲ တာကာအိချိရဲ့ LDP ပါတီဟာ အမတ်နေရာ ၄၆၅ နေရာအနက် အစိုးရဖွဲ့စည်းဖို့ လိုအပ်တဲ့ ထက်ဝက်ကျော် ၂၃၃ နေရာကို အသာလေး ကျော်လွန်ရရှိနိုင်တယ်လို့ ဖေဖော်ဝါရီ ၁ ရက်က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ သိရပါတယ်။

LDP ရဲ့ မိတ်ဖက်ဖြစ်တဲ့ Japan Innovation Party နဲ့ ပေါင်းလိုက်ရင် အာဏာရညွန့်ပေါင်းဟာ အမတ်နေရာ ၃၀၀ အထိ ရရှိလာနိုင်ပါတယ်။

အခုလို အပြတ်အသတ် အနိုင်ရရှိမှုဟာ တာကာအိချိ အတွက် ပါတီအပေါ် ဩဇာလွှမ်းမိုးမှု ပိုခိုင်မာစေသလို သူ့ရဲ့ ဘတ်ဂျက်သုံးစွဲမှု တိုးမြှင့်ရေးနဲ့ အခွန်လျှော့ချရေး မူဝါဒတွေကို ဆက်လုပ်ဖို့ လူထုဆန္ဒ ရရှိတာလည်း ဖြစ်ပါတယ်။

မစ်ဆူဘီရှီ UFJ မှ ကျွမ်းကျင်သူ ခဲအိဆုခဲ ဆုရုတက  “LDP ပါတီ အပြတ်အသတ်နိုင်လိုက်ရင် တာကာအိချိရဲ့ အာဏာကို ပိုပြီး ခိုင်မာစေမှာဖြစ်ပြီး စားသုံးခွန် လျှော့ချရေးလို သူ့ရဲ့ အဓိကမူဝါဒတွေကို ဆက်လုပ်ဖို့ အခွင့်အရေး ပိုများသွားစေပါတယ်” လို့ ပြောပါတယ်။

အဓိကအတိုက်အခံပါတီဖြစ်တဲ့ Centrist Reform Alliance ကတော့ အခက်တွေ့နေပြီး လက်ရှိရထားတဲ့ အမတ်နေရာ ၁၆၇ နေရာရဲ့ ထက်ဝက်နီးပါး ဆုံးရှုံးသွားနိုင်တယ်လို့ အဆာဟိသတင်းစာက ဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့ အများပြည်သူကြွေးမြီဟာ စီးပွားရေးပမာဏထက် ၂ ဆကျော် (၂၃၀ ရာခိုင်နှုန်းခန့်) ရှိနေပေမဲ့ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကတော့ စားသုံးခွန် ၈ ရာခိုင်နှုန်းကို ၂ နှစ်ကြာ ဆိုင်းငံ့ထားဖို့ ကတိပြုထားပါတယ်။

ဒီရွေးကောက်ပွဲဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ တိုးချဲ့သုံးစွဲမှုတွေ လုပ်ဆောင်မဲ့ တာကာအိချိရဲ့ မူဝါဒတွေအပေါ် လူထုသဘောထားကို တောင်းခံလိုက်တာလည်း ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013