
ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇုမိနဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်းဂယူးဘေ့ခ်တို့ဟာ ၂ နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့အတွက် ဇန်နဝါရီ ၃၀ ရက်က ယိုကိုဆူကာ ဆိပ်ကမ်းမြို့ရှိ ရေတပ်အခြေစိုက်စခန်းမှာ စားပွဲတင်တင်းနစ် အတူကစားခဲ့ကြပါတယ်။
ဝန်ကြီး ၂ ယောက်ဟာ ကြိုဆိုပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြပြီးနောက် ၂ နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီးမှာ ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအိဇုမိက မြောက်ကိုရီးယားအပါအဝင် လုံခြုံရေး ပတ်ဝန်းကျင် ပိုမိုတင်းမာလာနေတဲ့ အခြေအနေအတွင်း ဂျပန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံအပြင် အမေရိကန်နဲ့ပါ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ဖို့ သဘောတူညီခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။
ဝန်ကြီး ကိုအိဇုမိက “ဒီနေ့ဆွေးနွေးပွဲရဲ့ အဓိကအချက်တခုအနေနဲ့ ဝန်ကြီးအန်နဲ့ ကျနော်ဟာ ၂ နိုင်ငံ ကာကွယ်ရေးဌာနတွေကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်ဖလှယ်မှုတွေကို ပုံမှန်မြှင့်တင်နိုင်ဖို့အတွက် အပြန်အလှန် အလည်အပတ် ခရီးစဉ်တွေနဲ့ ကာကွယ်ရေးဝန်ကြီးအဆင့် အစည်းအဝေးတွေကို အခုလို စားပွဲတင်တင်းနစ် ကစားသလိုမျိုးပဲ နှစ်စဉ်မပြတ် ကျင်းပသွားဖို့ သဘောတူခဲ့ကြပါတယ်။ နောက်တကြိမ်မှာတော့ ကျနော်ကိုယ်တိုင် တောင်ကိုရီးယားနိုင်ငံကို သွားရောက်ပြီး ဆက်သွယ်ဆောင်ရွက်မှုတွေကို ပိုခိုင်မာအောင် လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ သူတို့ဟာ ဉာဏ်ရည်တု (အေအိုင်) နဲ့ မောင်းသူမဲ့ ဒရုန်းလက်နက်စနစ်တွေကို ပူးပေါင်းအကောင်အထည်ဖော်သွားဖို့လည်း သဘောတူညီခဲ့ကြပါတယ်။
အမေရိကန်ရဲ့ မဟာမိတ်တွေ ဖြစ်ကြတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ၂၀ ရာစုအစောပိုင်းက ဂျပန်ရဲ့ ကိုရီးယားကျွန်းဆွယ်ကို ကျူးကျော် သိမ်းပိုက်မှုကြောင့် နှစ်ရှည်လများ အေးစက်ခဲ့တဲ့ ဆက်ဆံရေးကို ခေါင်းဆောင်သစ်တွေလက်ထက်မှာ ပိုမိုနွေးထွေးလာအောင် ပြန်လည် တည်ဆောက်နေကြတာလည်း ဖြစ်ပါတယ်။
Source: Reuters


