
တောင်ကိုရီးယား သမ္မတကတော်ဟောင်း ဂင်မ်ဂွမ်ဟီးကို လာဘ်ပေးလာဘ်ယူမှုနဲ့ ပြစ်မှုထင်ရှား တွေ့ရှိပြီးနောက် ဇန်နဝါရီ ၂၈ ရက်မှာ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ထောင်ဒဏ် ၁ နှစ်နဲ့ ၈ လ ချမှတ်လိုက်ပါတယ်။
ဂင်မ်ဂွမ်ဟီးဟာ ပေါင်းစည်းရေးအသင်းတော် အမည်ရှိ ဘာသာရေးအဖွဲ့ဆီကနေ နိုင်ငံရေး မျက်နှာသာပေးမှုတွေ ပြန်လုပ်ပေးဖို့ ဝမ်သန်း ၈၀ (အမေရိကန်ဒေါ်လာ ၅၆,၀၀၀ ကျော်) တန်ဖိုးရှိတဲ့ Chanel အိတ်နှစ်လုံး၊ စိန်လည်ဆွဲနဲ့ ကိုရီးယားဂျင်ဆင်းတွေကို လာဘ်ယူခဲ့တယ် ဆိုတာကို တရားရုံးက အတည်ပြုခဲ့တာပါ။
ဒါပေမဲ့ အစိုးရရှေ့နေတွေ စွပ်စွဲထားတဲ့ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်က စတော့ရှယ်ယာဈေးကွက်မှာ တရားမဝင် ခြယ်လှယ်ကစားပြီး ဝမ်သန်း ၈၀၀ ကျော် အမြတ်ထုတ်ခဲ့မှုနဲ့ နိုင်ငံရေး ရန်ပုံငွေဥပဒေ ချိုးဖောက်မှု စွဲချက်တွေကိုတော့ သက်သေအထောက်အထား မခိုင်လုံလို့ ဆိုပြီး တရားရုံးက ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။
ဂင်မ်ဂွမ်ဟီး ဘက်ကတော့ စွဲချက်အားလုံးကို ငြင်းဆိုထားပြီး ဘာအမှားအယွင်းမှ မကျူးလွန်ထားဘူးလို့ ခုခံချေပခဲ့ပါတယ်။
“စတော့အရောင်းအဝယ်တွေကို ကိုယ်တိုင် ညွှန်ကြားခဲ့ခြင်းမရှိ၊ ကိုယ်တိုင်လည်း မရောင်းဝယ်ခဲ့ဘူး” လို့ သူ့ရှေ့နေတွေက ပြောကြားထားပါတယ်။
ပေါင်းစည်းရေးအသင်းတော်ဘက်က ပေးတဲ့ Chanel အိတ်တွေဟာလည်း “အကျိုးအမြတ် မျှော်လင့်ချက်မပါဘဲ ပေးတဲ့ လက်ဆောင်သာဖြစ်တယ်” လို့ အဆိုပြုထားပါတယ်။
ဒီစီရင်ချက်အပေါ် တောင်ကိုရီးယားပြည်သူတွေကြားမှာတော့ မကျေနပ်မှုတွေ ရှိနေပါတယ်။
ဆိုးလ်မြို့ခံ တယောက်က "သမ္မတကတော်အနေနဲ့ တိုင်းပြည်ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့တာဖြစ်လို့ ဒီပြစ်ဒဏ်ဟာ သက်ညှာလွန်းတယ်" လို့ ပြောပါတယ်။
တဖက်မှာလည်း ဂင်မ်ဂွမ်ဟီးရဲ့ ရှေ့နေတွေကတော့ အခုချမှတ်တဲ့ ထောင်ဒဏ်ဟာ ပြင်းထန်လွန်းတယ်လို့ ပြောဆိုနေပြီး တရားရုံးဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပြီးတော့ အယူခံ တင် မတင် ဆုံးဖြတ်မယ် လို့ ဆိုပါတယ်။
ဒီအမှုဟာ ၂၀၂၄ ခုနှစ် စစ်အုပ်ချုပ်ရေး ကြေညာချက် ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက်ပိုင်း ထွက်ပေါ်လာတဲ့ စုံစမ်းစစ်ဆေးမှုများနဲ့ ဆက်စပ်နေပြီး၊ သူ့ရဲ့ခင်ပွန်း သမ္မတဟောင်း ယွန်းဆုခ်ယိုးလ် ကိုယ်တိုင်လည်း ပုန်ကန်မှု အပါအဝင် စွဲချက် ၈ ခုနဲ့လည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
Source: Reuters


