
မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမဲ့အချက် ပါဝင်တဲ့ အမေရိကန်အစိုးရ အသုံးစရိတ် ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
ဒေါ်လာ ၁ ဒသမ၂ ထရီလီယံ အသုံးပြုမဲ့ ၂၀၂၆ ခုနှစ်အတွက် အမေရိကန်အစိုးရ အသုံးစရိတ် ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၃ ရက်မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်တာပါ။
ဥပဒေကြမ်းအရ ပင်တဂွန်စစ်ဌာနချုပ်၊ ဝန်ကြီးဌာနတွေနဲ့ အစိုးရအေဂျင်စီတွေ၊ အစိုးရလုပ်ငန်းစဉ်တွေအတွက် စက်တင်ဘာ ၃၀ ရက်အထိ ရန်ပုံငွေတွေကို ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းမှာ BURMA Act အရ မြန်မာနိုင်ငံအတွက် အကူအညီ ဒေါ်လာ ၁၂၁ သန်းထက် မနည်းတဲ့ ပမာဏကို ခွဲတမ်းရမှာဖြစ်ပေမဲ့ သမ္မတထရမ့်ပ်လက်ထက် အစိုးရလုပ်ငန်းစဉ် အပြောင်းအလဲတွေကြောင့် ဘယ်ပုံဘယ်နည်းနဲ့ မြန်မာပြည်သူတွေဆီကို ငွေကြေးစီးဆင်းမယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘူးလို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။
လော့စ်အိန်ဂျယ်လိစ်မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “ကွန်းဂရက်စ်က ပြောထားတာ ၇၅ သန်း၊ နယ်စပ်ဖြတ်ကျော်ပေးရမယ်တို့ ဘာတို့လေ၊ ဒါပေမဲ့ အရင်တုန်းကပေးနေကြ ဌာန USAID က အကုန်လုံးက နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ထဲ ရောက်သွားတော့ ဒီဥစ္စာတွေကို ဘယ်လိုအကောင်အထည်ဖော်မလဲပေါ့နော်။ လုပ်တတ်တဲ့လူ အဆက်အသွယ်ရှိတဲ့လူတွေ ရှိပါဦးမလားဆိုတာ အဲဒါ နည်းနည်းစိတ်ပူတယ်ဗျာ။ ပြီးတော့ ကျနော်တို့ဘက်က ရိုးရိုးသားသားလုပ်မဲ့သူတွေက ဆက်သွယ်တတ်လား၊ ဆက်သွယ်နိုင်လားဆိုတာ အဲဒါကလည်း အရေးကြီးသေးတယ်လေ။ နို့ဖြင့်ရင် ဖြတ်စားမယ့်သူကပဲ လည်တော့ သူတို့ကပဲ ဆက်သွယ်ပြီးတော့ အိတ်ထဲထည့်သွားမယ်ဆိုရင် သိပ်ဟန်မကျဘူးဗျာ။ ထရမ့်ပ်က မနှစ်တုန်းက လွှတ်တော်က ချပေးထားတဲ့ ဘတ်ဂျက်တွေကို မသုံးဘဲနဲ့ နှစ်ကုန်ကျလို့ရှိရင် “Impound” လုပ်တယ်ဆိုတာ ပြန်သိမ်းလို့ရတယ်ဗျာ။ လွှတ်တော်ကတော့ ချပေးလိုက်တယ်၊ မဖြန့်ဝေနိုင်လို့ နှစ်ကုန်ကျရင် ပြန်သိမ်းသွားမယ်ဆိုရင် စိတ်ဓာတ်အရ အားပေးတာလောက်ပဲ ရှိမှာပေါ့နော်။ လက်တွေ့အကျိုးမရှိဘူး။ အဲဒါမျိုး ဖြစ်သွားမှာစိုးလို့ ကျနော်က တောင်းသင့်တဲ့လူကို တောင်းဖို့ သတိပေးတာပေ့ါလေ” လို့ ပြောပါတယ်။
အရင်နှစ်တွေက မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ထောက်ပံ့တဲ့ ငွေကြေးတွေကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က စီမံဖြန့်ဝေပေးခဲ့တာပါ။
၂၀၂၅ ဇူလိုင်လဆန်းမှာ ထရမ့်ပ်အစိုးရက USAID ရုံးကို တရားဝင်ပိတ်သိမ်းခဲ့ပြီး စီမံကိန်း ၈၃ ရာခိုင်နှုန်းကို ရပ်ဆိုင်းခဲ့ပါတယ်။
ဝန်ထမ်းအများစုကို အလုပ်ကရပ်စဲခဲ့ပြီး ကျန်တဲ့လုပ်ငန်းတချို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် အခုနှစ်မှာ ဥပဒေအရ ရန်ပုံငွေရလာပြီ ဖြစ်ပေမဲ့ မြေပြင်ကို လက်တွေ့ရောက်လာဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေကို ဆက်လက်အားပေး တိုက်တွန်းတာတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။
မြန်မာ့ဒီမိုကစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “နိုင်ငံခြားရေးဝန်ကြီးဌာနက အရင်လို USAID ကြားခံမရှိတော့ဘဲနဲ့ NGO တို့ International Organization တို့ Private Contractor တို့ကနေပြီးတော့မှ သူက စီးဆင်းဖို့ အနေအထားရှိတယ်။ သို့သော်လည်း သူတို့ Structure တွေကို ဘယ်အတိုင်းအတာအထိ တကယ်ပဲ လုပ်ဆောင်ပြီးပြီလဲ ဆိုတာကတော့ ကျမတို့ သေချာ အတိအကျ မသိနိုင်သေးဘူးပေါ့နော်။ နောက်ထပ်လုပ်နေကျကတော့ IRC တို့လို UNHCR တို့လို အဖွဲ့အစည်းတွေကနေ စီးဆင်းတာမျိုးလည်း ရှိတယ်။ ဒါပေမဲ့ ကျမတို့ တော်လှန်ရေးအတွက် ပြည်သူလူထုအတွက် ထိထိရောက်ရောက်နဲ့ ရောက်ဖို့ဆိုရင် ကျမတို့က ဒီငွေတွေကို တကယ်မြေပြင်မှာ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေဆီကိုပဲ စီးဆင်းဖို့ ကျမတို့က အများကြီး ဖိအားပေးဖို့ လိုအပ်ပါတယ်။ သူတို့လုပ်ငန်းအပြောင်းအလဲတွေကြောင့်မို့လို့ ကျမတို့ဘက်က ဆက်လက်ပြီးတော့ Advocacy ကိစ္စတွေကို လုပ်ဆောင်ရမဲ့ အရေးကြီးတဲ့ အပိုင်းပေါ့လေ” လို့ ပြောပါတယ်။
လွှတ်တော်က တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်းကို ခွဲဝေအသုံးပြုဖို့ လျာထားချက်မှာ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မှုတွေ အပါအဝင် တခြားအကူအညီတွေအတွက် ဒေါ်လာ ၇၅ သန်းအထိ အသုံးပြုဖို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုတွေအတွက် သေစေနိုင်တဲ့လက်နက် မဟုတ်တဲ့ အကူအညီတွေပေးဖို့ ဒေါ်လာ ၂၅ သန်း၊ ပြည်နယ်နဲ့ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ ၁၀ သန်း၊ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့နဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် ဒေါ်လာ ၇ သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသားဟောင်းတွေကို ကူညီဖို့ ဒေါ်လာ ၁ သန်းခွဲ၊ စစ်ကောင်စီတပ်ဘက်ကနေ ဘက်ပြောင်းခိုလှုံလာသူ CDM တွေကို အကူအညီပေးဖို့အတွက် ဒေါ်လာ ၁ သန်းခွဲ၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု အစီအစဉ်တွေအတွက် ဒေါ်လာ ၁ သန်း စသဖြင့် အသုံးပြုဖို့ ရည်ရွယ်ထားတာ တွေ့ရပါတယ်။
သုတချမ်းသာ


