
အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်မှာ တရားမဝင်နေထိုင်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတဲ့ လူဝင်မှုကြီးကြပ်ရေး စီမံချက်ကို အဆုံးသတ်တော့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ နယ်စပ်ရေးရာအကြီးအကဲက အတည်ပြုပါတယ်။
အဲဒီစီမံချက် ရပ်ဆိုင်းဖို့အတွက် သူ့ရဲ့တင်ပြမှုကို သမ္မတ ထရမ့်ပ်က ခွင့်ပြုပေးခဲ့တာ ဖြစ်တယ်လို့လည်း တော်မ်ဟိုးမန်းက ပြောသွားပါတယ်။
ICE လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အေဂျင်စီဟာ မင်နီဆိုးတားမှာ အမြဲရှိနေခဲ့တဲ့အတိုင်း ဆက်ရှိနေဦးမှာဖြစ်သလို သူကိုယ်တိုင်လည်း ခဏလောက် ထပ်နေဦးမယ်ဆိုပြီး ဖြည့်စွက် ပြောပါတယ်။
ဒါပေမဲ့လည်း ICE အေးဂျင့်တွေရဲ့ ပစ်ခတ်မှုကြောင့် ရီနေးဂွတ်ဒ်နဲ့ အဲလက်စ် ပရတ်တီ ဆိုတဲ့ အမေရိကန်နိုင်ငံသား ၂ ယောက် သေဆုံးခဲ့ရပြီးနောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
၂ လကျော် ကြာမြင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့သလို အဲဒီအထဲမှာ ပြစ်ဒဏ်ကျခံရဖူးသူတွေ ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
မင်နီဆိုးတား ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့လ်ဇ် ဘက်က “သတိကြီးကြီးနဲ့ အကောင်းဘက် မြင်ပါတယ်” လို့ တုံ့ပြန်ခဲ့ပေမဲ့လည်း “နက်ရှိုင်းလှတဲ့ ထိခိုက်မှုတွေ၊ မျိုးဆက်နဲ့ချီမဲ့ စိတ်ဒဏ်ရာတွေ၊ စီးပွားရေးအရ ဆုံးရှုံးမှုတွေ” ကိုတော့ ဖြစ်ပေါ်စေခဲ့ကြောင်း ဝေဖန်ထားပါတယ်။
ဒါကြောင့် အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၁၀ သန်း တန်ကြေးရှိတဲ့ အရေးပေါ်ရန်ပုံငွေတခု ထူထောင်ပေးမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက အဆိုပြုထားပါတယ်။
ICE ယာယီညွှန်ကြားရေးမှူး တော့ဒ် လိုင်ယန်စ် ကတော့ ပြည်နှင်ဒဏ်အမိန့် ချမှတ်ခံထားရတဲ့ တရားမဝင် ရွှေ့ပြောင်း ၁ ဒသမ ၆ သန်းလောက်ကို ခြေရာခံရှာဖွေနေတဲ့အပြင် အဲဒီထဲမှာ ပြစ်မှုကျူးလွန်ဖူးသူ ၈ သိန်းအထိ ပါဝင်တယ်လို့ပါ စွပ်စွဲထားပါတယ်။
အခုလိုမျိုး ထရမ့်ပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နှိမ်နင်းမှုတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကြားနာပွဲမှာ မင်နီဆိုးတား ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
နောက်ဆက်တွဲအဖြစ် ICE အပါအဝင် ပြည်တွင်းလုံခြုံရေးဌာန (DHS) အတွက် ဘတ်ဂျက်ချပေးရေး ကိစ္စနဲ့ ပတ်သက်ပြီး ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တွေကြား အကြီးအကျယ် သဘောထားကွဲလွဲလျက် ရှိပါတယ်။
Source: Reuters


