
ဂြိုဟ်သားတွေ တကယ်ရှိတယ်ဆိုတဲ့ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားရဲ့ ပြောကြားချက် အွန်လိုင်းမှာ နာမည်ကြီးသွားပြီးတဲ့နောက်မှာတော့ ကမ္ဘာကို ဂြိုဟ်သားတွေ လာရောက်နိုင်ခြေ နည်းပါးပါတယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က အမေရိကန်ပေါ့ဒ်ကတ်စ် တင်ဆက်သူ ဘရိုင်ယန်တိုင်လာ ကိုဟင်နဲ့ အင်တာဗျူးမှာ အိုဘားမားက “သူတို့ တကယ်ရှိပါတယ်။ ကျုပ်တော့ မမြင်ဖူးသေးဘူး” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အိုဘားမားက “သူတို့ကို Area 51 မှာ ထိန်းသိမ်းမထားပါဘူး။ အမေရိကန်သမ္မတ မသိအောင် ဖုံးကွယ်ထားတယ်ဆိုတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုမျိုးသာ ရှိမနေဘူးဆိုရင်တော့ အဲဒီလို မြေအောက်စခန်းကြီး ရှိမနေပါဘူး” လို့ ဆိုပါတယ်။
မေးခွန်းတွေ အမြန်မေးတဲ့ အစီအစဉ်မှာ နောက်ပြောင်ပြီး ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာက အွန်လိုင်းမှာ လူစိတ်ဝင်စားမှု များပြားခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၅ ရက်မှာ သူ့ရဲ့ တရားဝင် အင်စတာဂရမ်အကောင့်ကနေ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
စကြဝဠာကြီးက အလွန်ကျယ်ဝန်းတဲ့အတွက် ဂြိုဟ်သားတွေ ရှိနိုင်ခြေများပေမဲ့ နေအဖွဲ့အစည်းတွေကြားက အကွာအဝေးဟာ အရမ်းဝေးကွာလှတယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် ကမ္ဘာမြေဆီကို ဂြိုဟ်သားတွေ လာရောက်နိုင်ခြေက အလွန်နည်းပါးတယ်လို့ အိုဘားမားက ရေးသားခဲ့ပါတယ်။
သူ သမ္မတတာဝန် ထမ်းဆောင်နေချိန်အတွင်းမှာ ဂြိုဟ်သားတွေနဲ့ အဆက်အသွယ်ရှိခဲ့တယ်ဆိုတဲ့ ဘယ်လိုအထောက်အထားမျိုးကိုမှ မတွေ့ခဲ့ရပါဘူးလို့လည်း အတည်ပြုခဲ့ပါတယ်။
Source: Reuters


