
ဂြိုဟ်သားတွေ၊ ကမ္ဘာ့ပြင်ပ သက်ရှိတွေ၊ ပန်းကန်ပြားပျံ (UFO) တွေနဲ့ ပတ်သက်တဲ့ အစိုးရမှတ်တမ်းတွေအားလုံး စိစစ်ထုတ်ပြန်မှု စတင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အမေရိကန်အစိုးရဌာန အားလုံးကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ညွှန်ကြားလိုက်ပါတယ်။
ဂြိုဟ်သားတွေ တကယ်ရှိတယ်လို့ သမ္မတဟောင်း ဘာရက်အိုဘားမားရဲ့ ပြောကြားချက်ဟာ လျှို့ဝှက်သတင်းအချက်အလက် ပေါက်ကြားမှု ဖြစ်တယ်လို့ အစောပိုင်းမှာ ထရမ့်ပ်က စွပ်စွဲခဲ့ပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ လူအများရဲ့ စိတ်ဝင်စားမှုကြောင့် အခုလို မှတ်တမ်းတွေ ထုတ်ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သူပိုင်တဲ့ Truth Social လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါတယ်။
အဲဖို့စ်ဝမ်း လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ဖြေကြားရာမှာ “သူ (အိုဘားမား) ဒီလိုလုပ်လို့ မရဘူးလေ၊ အမှားအကြီးကြီး လုပ်လိုက်တာပဲ” လို့ ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။
ဂြိုဟ်သားတွေ တကယ်ရှိတယ်လို့ ထင်သလားလို့ သတင်းထောက်က မေးရာမှာတော့ “သူတို့ တကယ်ရှိ၊ မရှိ ကျုပ်မသိဘူး” လို့ ထရမ့်ပ်က ဖြေကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတခုမှာ အိုဘားမားက “သူတို့ တကယ်ရှိပါတယ်၊ ဒါပေမဲ့ ကျနော် မမြင်ဖူးသလို Area 51 မှာ ဖမ်းထားတာမျိုးလည်း မဟုတ်ပါဘူး” လို့ ပြောကြားခဲ့တာပါ။
ဒီစကားကြောင့် လိုင်းပေါ်မှာ ဂယက်ရိုက်သွားအပြီးမှာ အိုဘားမားက သူ သမ္မတတာဝန် ထမ်းဆောင်ခဲ့စဉ်က ဂြိုဟ်သားတွေ ကမ္ဘာနဲ့ ဆက်သွယ်ခဲ့တဲ့ အထောက်အထားမျိုး မတွေ့ခဲ့ရဘူးလို့ အင်စတာဂရမ်ကနေ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
၂၀၂၃ ခုနှစ်တုန်းက အမေရိကန်အောက်လွှတ်တော်မှာလည်း UFO တွေနဲ့ ပတ်သက်ပြီး ကြားနာမှု လုပ်ခဲ့ပေမဲ့ ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ ခိုင်လုံတဲ့ အတည်ပြုချက်မျိုးတော့ မထွက်ပေါ်ခဲ့ပါဘူး။
Source: Reuters


