
တရုတ်နိုင်ငံဆီကနေ အသံထက်မြန်တဲ့ သင်္ဘောဖျက် ဒုံးကျည်တွေ အီရန်နိုင်ငံက ဝယ်ယူဖို့ နီးစပ်နေပြီလို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းမှာ ဖော်ပြပါတယ်။
တရုတ်လုပ် CM-302 ဒုံးကျည်တွေကို ဝယ်ယူမှု နီးစပ်နေပြီး ပို့ဆောင်မဲ့နေ့ကိုတော့ သဘောတူညီချက် မရသေးဘူးလို့ ဖော်ပြပါတယ်။
အသံထက်မြန်တဲ့ ဒုံးကျည်တွေဟာ ၂၉၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး သင်္ဘောတွေကို ဖျက်ဆီးနိုင်အောင် အနိမ့်ပျံသန်းမှု ပြုလုပ်နိုင်ပါတယ်။
ဒီလက်နက်တွေဟာ ဒေသတွင်းမှာ တပ်စွဲထားတဲ့ အမေရိကန်ရေတပ်ကို ခြိမ်ခြောက်နိုင်စွမ်း ရှိတယ်လို့လည်း လက်နက်ကျွမ်းကျင်သူ ၂ ယောက်က ပြောပါတယ်။
အီရန်ဟာ တရုတ်နိုင်ငံဆီကနေ ဒုံးလက်နက်စနစ်တွေ ဝယ်ယူဖို့ ပြီးခဲ့တဲ့ ၂ နှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာပါ။
ဇွန်လက အစ္စရေးနဲ့ ၁၂ ရက်ကြာစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်ဆီက လက်နက်ဝယ်ယူရေးကိစ္စနဲ့ ပတ်သက်ပြီး အီရန်ရဲ့လုပ်ဆောင်မှု ပိုပြီး ထင်ရှားလာပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက လက်နက်ဝယ်ယူရေး ဆွေးနွေးပွဲ နောက်ဆုံးအဆင့်ကို ရောက်ခဲ့ပြီး အီရန် စစ်ဘက်ထိပ်တန်းအရာရှိတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
အစ္စရေး ထောက်လှမ်းရေးအကြီးအကဲဟောင်း ဒန်နီက “သင်္ဘောတွေကို အီရန်က အသံထက်မြန်တဲ့ ဒုံးတွေနဲ့ တိုက်ခိုက်နိုင်မယ်ဆိုရင် ပွဲအဖြေ ပြောင်းလဲသွားမှာပါ။ ဒီဒုံးကျည်တွေကို ကြားဖြတ်ဖျက်ဆီးဖို့ အရမ်းခက်ခဲပါတယ်” လို့ ပြောပါတယ်။
အီရန်က တရုတ်ဆီကနေ အသံထက်မြန်တဲ့ ဒုံးကျည် ဘယ်နှစင်း ဝယ်ယူမလဲဆိုတဲ့ အရေအတွက်ကို မသိသေးဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters


