
မြို့ပေါ်ပြောက်ကျားသပိတ်မှာ ပါဝင်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ LGBT လူငယ်တယောက်ဟာ စစ်ကြောရေးက ဒဏ်ရာတွေအပြင် ပြန်လွတ်လာတဲ့အခါမှာလည်း မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်ရဲ့ နွေးထွေးမှုတွေကို မခံစားရဘဲ စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုတွေ ကြုံနေရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့က လမ်းတွေပေါ်ထွက်ပြီး ပြောက်ကျားသပိတ်တွေမှာ ပါဝင်ခဲ့တဲ့ LGBT လူငယ် အမည်လွှဲ မောင်ထက်ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။
သူဟာ ရေကြည်အိုင်စစ်ကြောရေးမှာ ရက်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသလို၊ LGBT တယောက်ဖြစ်တဲ့အတွက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကိုပါ ခါးသီးစွာ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
မောင်ထက်ဟာ ထောင်တွင်းမှာ ၂ နှစ်ကျော် ဖြတ်သန်းခဲ့ရပြီး အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံခဲ့ရကာ ၂၀၂၄ ခုနှစ်မှာတော့ လွတ်ရက်စေ့လို့ လွတ်မြောက်လာခဲ့ပါတယ်။
စစ်ကြောရေးက ဒဏ်ရာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုတွေ ကြုံနေရတဲ့သူဟာ ပြန်လွတ်လာတဲ့အခါမှာလည်း မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်ရဲ့ နွေးနွေးထွေးထွေး ကြိုဆိုတာကို မခံစားရဘူးလို့ ဆိုပါတယ်။
ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုက သူ့ကို နောက်ထပ် အကျဉ်းထောင်တခုထဲ ပိတ်လှောင်ထားသလို ဖြစ်နေပြီး လက်ရှိမှာ စစ်ကြောရေးနဲ့ ထောင်တွင်းက စိတ်ဓာတ်ရာတွေအပြင် နေထိုင်တဲ့ ပတ်ဝန်းကျင်ရဲ့ မနွေးထွေးမှုတွေကြားမှာ အောင်မြင်စွာ ရှင်သန်နိုင်ဖို့ မောင်ထက်တယောက် ကြိုးစားရုန်းကန်နေရပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ ၃၀,၀၀၀ ကျော်ရှိပြီး ၂၂,၀၀၀ ကျော်က ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။


