
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၁၀,၀၀၀ ကျော်ဟာ စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာတွေကို စစ်ကောင်စီ တပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရတာ ၂ လကြာရှိနေပြီဖြစ်ပြီး စစ်ကြောင်းနဲ့ဝေးရာ တောစပ်တွေနဲ့ လယ်ယာတွေထဲမှာ ယာယီတဲတွေ ထိုးကာနေထိုင်နေကြရတာပါ။
စစ်တပ်က လူစုလူဝေး မြင်ရာ နေရာတွေကို ဒရုန်းဗုံးချတာ၊ အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာ စတဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ညအချိန်တွေမှာ မီးတောင်မထွန်းရဲတဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်ဘေးရှောင်တယောက်က ပြောပြပါတယ်။
“လေကြောင်းအန္တရာယ်ကတော့ ကြောက်ရတာပေါ့ရှင်။ ညတိုင်ဆို မီးကိုမထွန်းရဲဘူး၊ ဒီတိုင်းလေးနေရတာ အမှောင်လေးထဲ၊ အောက်ကလည်း မိုးကာအခင်းဆိုတော့ အကောင်ပလောင်ကလည်း ကြောက်ရသေးတာ။”
မြေပေါ် အခင်းခင်းပြီး နေရတာဖြစ်တဲ့အတွက် ညဘက် မီးလည်း မထွန်းရလို့ မြွေအန္တရာယ်လည်း စိုးရိမ်နေရသလို စစ်ကြောင်းက သီးနှံတွေ ရိတ်သိမ်းချိန်မှာ ဝက်လက်နယ်ထဲ ဝင်ရောက်ခဲ့တဲ့အတွက် ရိတ်သိမ်းခါနီး သီးပဲတွေ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ တောတွေထဲမှာ သီးခြားစီခွဲနေကြရတာဖြစ်လို့ အကူအညီပေးသူတွေ သွားရောက်ဖို့ ခက်ခဲတဲ့အတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တယောက်က “ပါတဲ့ဟာလေး ခြစ်ကုတ်ပြီး စားရတာ။ အခုက ဆန်ကုန်တော့မှာမလို့ မျှော်နေတာ။ မနေ့က ဆန်တပြည်တော့ရဦးမယ်လို့ ပြောလို့ ဝမ်းတွေသာနေတာ။ ငါတို့ ဆန်ကုန်နေပြီလို့၊ မေကြီးတို့က အကုန်လုံး ပစ်ထားခဲ့ရတာ ပဲစင်းငုံက တင်း ၁၀ လောက်ရမဲ့ဟာ ခြွေရင်းတန်းလန်း ပစ်ထားခဲ့ရ ပြေးလာခဲ့ရရော”လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေက စစ်ကြောင်းဝင်လာချိန်မှာ အရေးပေါ်ထွက်ပြေးလာရတာ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ များနေတယ်လို့ စစ်ဘေးရှောင်အကူအညီပေးသူက ပြောပြပါတယ်။
ဝက်လက်မြို့နယ်ဗကသဥက္ကဋ္ဌ ကိုဟန်မင်းစိုးက “ဝက်လက်နယ် အရှေ့ခြမ်းမြစ်ရိုးတလျှောက်ကို စိုးမိုးဖို့လုပ်နေတယ်။ အဓိက ပြည်သူတွေအနေနဲ့ ဘာတွေ လိုအပ်သလဲဆိုတော့၊ နေထိုင်ဖို့ မိုးကာတဲလေးတွေ မြေစိုက်တဲပုံစံ လုပ်ဖို့ လိုအပ်တာတွေ ရှိတယ်။ နောက်တခုကတော့ စားနပ်ရိက္ခာတွေ လိုအပ်တယ်ပေါ့နော်။ ဘာလို့ဆို ကောက်ရိတ်သိမ်းချိန်မှ စစ်ကြောင်း ထိုးလာတဲ့အတွက် တချို့က အရေးအကြောင်းနဲ့ ဗြုန်းစားပြေးလာရတော့ ဘာမှမပါတာတွေလည်း တွေ့ရပါတယ်”လို့ ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်လာရတဲ့ ရွာတွေထဲဟာ ဝက်လက်မြို့နယ်အတွင်းက ရှိန်းမကား(ရှိမ္မကား)၊ မင်းရွာတောင်၊ အင်ဒေါင်း၊ ရွာသာ၊ နတ်မှော်ဦး၊ ရေလည်မော်၊ ကမ်းဖြူ၊ ငါးဘတ်ချောင်း၊ ရွာသစ်၊ လှေပို့ဆိပ်၊ ကူကြီး၊ သစ်ဆိမ့်ကြီး၊ ရှားကွဲ၊ ရေကမိုး၊ ထုံးဘိုကုန်းစတဲ့ကျေးရွာ ၁၅ ရွာက ပြည်သူတွေ ဖြစ်ပါတယ်။


