
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ရွှေကျောင်းကန်ရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၃ ရက်မှာ ပါရာမော်တာ စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေး ၂ ယောက် အပါအဝင် ၉ ယောက် သေဆုံးခဲ့တယ်လို့ မြင်းမူမြို့နယ် မီးဘေးလုံခြုံရေး တာဝန်ခံက ပြောပါတယ်။
မနေ့ည ၇ နာရီလောက်မှာ မုံရွာ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) ကနေ ပါရာမော်တာ ၂ စီးနဲ့ ရွှေကျောင်းကန်ရွာကို ဗုံးသီး ၃ လုံး ကြဲချခဲ့တာကြောင့် အသက်တနှစ်နဲ့ ၅ နှစ်အရွယ် ကလေး ၂ ယောက် အပါအဝင် အရပ်သား ၉ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
လူအများ စုဝေးနေတဲ့ Starlink ဆိုင်နဲ့ ဆီကြိတ်ရုံတို့ကို ဗုံးကြဲချခဲ့တာကြောင့် အများအပြား ထိခိုက်သေဆုံးခဲ့တာလို့ မြင်းမူမြို့နယ် မီးဘေးလုံခြုံရေး တာဝန်ခံက DVB ကို ပြောပါတယ်။
“မုံရွာ (နမခ) ကနေမှ ပါရာမော်တာ ၂ စီး တက်လာပြီ ဗုံးသီး ၃ လုံးကြဲချတယ်။ ကြဲချမှုက ရွှေကျောင်းကန်ရဲ့ ရွာရဲ့ ရွာလယ်ကောင်က Starlink ဆိုင်နဲ့ ဆီကြိတ်စက် နေရာကို ကြဲချသွားတာ။ ပြည်သူ ၉ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်။ နွား ၂ ကောင်လည်း သေဆုံးတယ်။”
ထိခိုက်ဒဏ်ရာရသူတွေကို လုံခြုံတဲ့နေရာမှာ ဆေးကုသမှု ပေးနေပြီး ဒီနေ့လည်း ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ကင်းထောက်နေတာကြောင့် ထပ်ပြီး ဗုံးကြဲခံရမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မုံရွာ (နမခ) ဂျိုင်ရိုကော့ပတာ (Gyrocopter) ၃ စီးနဲ့ မြင်းမူ၊ အရာတော်ကြားကိုလည်း ဒီနေ့ ထပ်မံ ဗုံးကြဲခဲ့ပြီး အခြေနေအသေးစိတ်ကိုတော့ လတ်တလော မသိရသေးလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပဲနုတ်ဆွပ်ရွာက ရွှေမော်ကို ဂျိုင်ရိုကော့ပတာနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၇ ယောက် သေဆုံးခဲ့သလို ကျွန်းလှမြို့ အနောက်ခြမ်း ရွှေလုပ်ကွက်တွေ ရှိတဲ့ သဖန်းဆိပ်ဆည် တဝိုက်ကိုလည်း လေးကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပါဝယ်။
တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့၊ ရွာတွေက အရပ်သား ပစ်မှတ်တွေကို စစ်တပ်က လေကြောင်း၊ ဒရုန်းနဲ့ တိုက်ခိုက်တာအပြင် တော်လှန်ရေးအဖွဲ့တွေ အခွန်ငွေ ရရှိနေတဲ့ ရွှေမှော်တွေကိုလည်း လေကြောင်းနဲ့ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဟုမ္မလင်း၊ ဖောင်းပြင်၊ ရွှေပြည်အေး၊ မင်းကင်းမြို့နယ်က ချင်းတွင်းမြစ်တလျှောက် တော်လှန်ရေးတပ်တွေ အခွန်ရနေတဲ့ ရွှေမျှောဖောင်လုပ်ကွက်တွေနဲ့ ကျွန်းလှမြို့ သဖန်းဆိပ်ဆည်က ရွှေလုပ်ကွက်တွေကို ဖယ်ရှားပစ်ဖို့ စစ်ကောင်စီကို ထောက်ခံတဲ့ Telegram Channel တွေမှာ လှုံ့ဆော်နေကြတာ ဖြစ်ပါတယ်။


