စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကုန်းရိုးကျေးရွာက ကျေးလက်ဆေးပေးခန်းကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က နမခတက် ဂျိုင်ရိုကော်ပရာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွက ပြောပါတယ်။
ဒေသခံတယောက်က “BNRA ခေါင်းဆောင် နဂါး စကမဘက် ပြောင်းသွားကတည်းက မြို့နယ် ပအဖ၊ ပလဖနဲ့ ပကဖတွေက စာသင်ကျောင်းတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို လေကြောင်းသတိထားကြဖို့ ကြိုတင်သတိပေးထားပါတယ်။ ဒါကြောင့် ထိခိုက်သေဆုံးမှုတော့ မရှိပါဘူး။ ဆေးပေးခန်းတော့ ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။
ပြည်သူတွေ အန္တရာယ်ကင်းရှင်းရေးအတွက် ‘ပေါ်ဦး’ လေကြောင်းအသိပေးဌာနက လေကြောင်း အသိပေးစနစ် ၂၄ နာရီ ဆော်သြထားပြီး icon တွေလည်း စနစ်တကျ ကိုင်တွယ်နားထောင်ဖို့ ပြောထားတယ်လို့ ဆိုပါတယ်။
တန့်ဆည်မြို့နယ်အတွင်းမှာ အခု ဖေဖော်ဝါရီ တလအတွင်း လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ရှိခဲ့ပြီး ၂ ရက်နေ့က ကော်တက်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ တကြိမ်၊ ၅ ရက်နေ့က သစ္စေးကုန်းရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်၊ အခု ကုန်းရိုးရွာ ဆေးပေးခန်းကို တကြိမ်၊ စုစုပေါင်း ၆ ကြိမ်ရှိပြီဖြစ်ကာ သေဆုံးသူ ၆ ယောက်နဲ့ ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။






