ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲက ထိုင်ရာယန်ရွာကို စစ်ကောင်စီတပ်က မနေ့ ဖေဖော်ဝါရီ ၁၉ ရက် ညမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၈ နယ်မြေဖြစ်တဲ့ ရွှေကူမြို့နယ်ထဲက ထိုင်ရာယန်ရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ ကြိမ် လာရောက် ကြဲချသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “လူနေရပ်ကွက်ထဲက အတွင်းစျေးဆိုင်ထဲ ကျတာ၊ အရပ်သား ၂ ဦး သေဆုံးတယ်၊ ၅ ဦး ဒဏ်ရာပြင်းထန်ရတယ်။ နေအိမ်တချို့လည်း မီးလောင်ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီကျေးရွာတဝိုက်မှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်တာဖြစ်ပြီး ဒေသခံ ဒေါ်အေးမာ ဆိုင်ကို ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ အချက်အလက်ကိုတော့ လုံခြုံရေးအခြေအနေကြောင့် ပြောပြတာ မရှိပါဘူး။
KIA တပ်မဟာ ၈ နယ်မြေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာ ရှိနေလို့ မကြာခဏ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။





