Thantawan Festival 2026 ဆိုတဲ့ နေကြာပန်းတို့ ပွင့်လန်းရာ ဂီတဖျော်ဖြေပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၂ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
ဒီဂီတဖျော်ဖြေပွဲမှာတော့ မြန်မာ indie band တွေ ဖြစ်ကြတဲ့ AppleJack နဲ့ Vanilla Girls တို့ ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။
Vanilla Girl အဖွဲ့ရဲ့ အဆိုတော် Phoebe က “ဒီဂီတပွဲတော်မှာ ဖျော်ဖြေခွင့်ရတာ တကယ့်ကို ထူးခြားတဲ့ ခံစားချက်ပါ။ ၂၀၂၅ တုန်းက ပွဲစီစဉ်သူတယောက်က ကျမတို့ကို စပြီးဖိတ်ခဲ့တာ။ အဲဒီတုန်းက ဘာလို့ မဖျော်ဖြေရမှာလဲဆိုပြီး လက်ခံခဲ့တယ်။ ကျမတို့ ဒီပွဲမှာ ဖျော်ဖြေချင်စိတ်တွေ အရမ်းပြင်းပြနေခဲ့တာမို့ ဖိတ်ကြားခံရတဲ့အချိန်မှာ အရမ်းဝမ်းသာခဲ့ရသလို အခုလို ဒီကိုရောက်နေရတာလည်း အရမ်းဂုဏ်ယူမိပါတယ်။ ကျမတို့က Sunflower စင်မြင့်လို့ခေါ်တဲ့ စင်ငယ်လေးမှာ ဖျော်ဖြေခဲ့ရတာပါ။ နောက်နှစ်မှာတော့ ပင်မစင်မြင့် (Main Stage) ပေါ်မှာ ဖျော်ဖြေခွင့်ရဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
Thantawan ဆိုတာကတော့ ထိုင်းဘာသာစကားအရ နေကြာပန်းလို့ အဓိပ္ပာယ်ရတာလည်း ဖြစ်ပါတယ်။
မြန်မာဂီတအဖွဲ့နှစ်ခုဟာ ထိုင်း Indie နဲ့ Pop အနုပညာရှင်တွေ၊ နိုင်ငံတကာ DJ တွေနဲ့အတူ စင်မြင့်ထက်မှာ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ထိုင်းနိုင်ငံသားတွေရော နိုင်ငံခြားသားပရိသတ်တွေပါ အများအပြား လာရောက်အားပေးခဲ့ကြပါတယ်။
ဒီပွဲတော်ကို တနင်္ဂနွေနေ့ညမှာ ထိပ်တန်းအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ၊ DJ တီးခတ်မှုတွေနဲ့အတူ ရုပ်သိမ်းခဲ့ပါတယ်။


























