Home
ဆောင်းပါး
ချင်းမိုင်ရောက် မြစ်ကြီးနားသားရဲ့ ထရော်မာ
DVB
·
February 6, 2026

မှတ်မှတ်ရရ ချင်းမိုင်ကိုရောက်တာ တနှစ်မပြည့်သေးတဲ့အချိန်မှာ ဒီဖြစ်ရပ်ကို ကြုံခဲ့ရပါတယ်။ ညနက်ပိုင်း အလုပ်ကနေ အိမ်အပြန် လမ်းခုလတ်မှာ ဖြစ်ပါတယ်။ ဆိုင်ကယ်က စက်ချို့ယွင်းနေတာကြောင့် ဆင်းတွန်းလိုက်၊ ပြန်စီးလိုက်နဲ့ တလှည့်စီ လုပ်နေရပါတယ်။

ညသန်းခေါင်ဖြစ်တဲ့အတွက် လမ်းသွားလမ်းလာတွေ သိပ်မရှိတော့ပါဘူး။ ဒီလိုနဲ့ ဆိုင်ကယ်တွန်းနေတဲ့အချိန် ရုတ်တရက် အနောက်ကနေ ဆိုင်ကယ်နှစ်စီးနဲ့ လူငယ်လေးယောက်က ကျနော့်ဘေးမှာ ထိုးရပ်လိုက်ပါတယ်။

ကြည့်လိုက်တော့ အားလုံးက အသက် ၂၀ ဝန်းကျင် လူငယ်တွေပါ။ ကျနော် ချက်ချင်း လန့်ဖျပ်သွားပြီး ရင်တွေခုန်သွားပါတယ်။

စိတ်ထဲမှာတော့ လုယက်ခံရတော့မယ်ဆိုပြီး တွေးပူသွားပါတယ်။ အဲဒီအချိန် လုံးဝထင်မှတ်မထားတဲ့ စကားတွေ ကြားလိုက်ရပါတယ်။

“ဘာကူညီပေးရမလဲ”၊ “ဆီသွားဝယ်ပေးရမလား”၊ “ဆိုင်ကယ်နောက်က တွန်းပေးရမလား” ဆိုပြီး အဲ့လူငယ်လေးတွေက ထိုင်းလိုရော၊ လက်ဟန်ခြေဟန်နဲ့ရော ပြောလာပါတယ်။

အမှန်တကယ်ကတော့ သူတို့က ဒုက္ခရောက်နေသူကို ကူညီဖို့ အနားကပ်လာတာ ဖြစ်ပါတယ်။ ကျနော်လည်း “မိုက်ပင်ရိုင်” (ရပါတယ်)၊ “ခေါ့ခွမ်းခရတ်” (ကျေးဇူးပါခင်ဗျ) လို့ ပြောလိုက်လို့ သူတို့တွေ ပြန်ထွက်သွားပါတယ်။

ကူညီဖို့လာတဲ့သူတွေကိုတောင် ကြောက်လန့်သွားတာဟာ မြစ်ကြီးနားသားတယောက်ရဲ့ ထရော်မာ (Trauma) လို့ခေါ်တဲ့ စိတ်ဒဏ်ရာဟာ ဘယ်လောက်ထိ ကြီးစိုးနေလဲဆိုတာ မြင်နေရပါတယ်။

ဒီလို မလုံမခြုံဖြစ်ရတဲ့ စိတ်ဒဏ်ရာဟာ ကျနော်တယောက်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။ ချင်းမိုင်ကို လာလည်တဲ့ မြစ်ကြီးနားက မိတ်ဆွေတချို့ဆိုရင်လည်း ည ၉ နာရီ၊ ၁၀ နာရီ ရောက်လာရင် နာရီတကြည့်ကြည့်နဲ့ အိမ်ပြန်သင့်ပြီဆိုပြီး တွေးပူနေကြပါတယ်။

Safety Index ရဲ့ ၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်အရ ချင်းမိုင်မြို့ဟာ အရှေ့တောင်အာရှမှာ အလုံခြုံဆုံးမြို့တမြို့ ဖြစ်ပေမဲ့ နာတာရှည် စိတ်ဒဏ်ရာရနေတဲ့ လူတွေအတွက်တော့ နိုင်ငံပြောင်းသွားတာတောင် စိတ်ဒဏ်ရာက ကပ်ပါလာခဲ့ပါတယ်။

ကျနော်ရခဲ့တဲ့ စိတ်ဒဏ်ရာ

မြစ်ကြီးနားမြို့မှာ နေထိုင်ခဲ့ချိန်က ကျနော် ကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေက စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ရေရှည်ထိခိုက်စေခဲ့ပါတယ်။ အဲဒီအတွေ့အကြုံတွေထဲက ဖြစ်ရပ်တခုကတော့ အခုထိ မေ့လို့မရသေးပါဘူး။

မြစ်ကြီးနားမြို့မှာ ဂျပန်လမ်းဆိုတာ လုယက်မှု၊ ဓားပြမှုတွေ မကြာခဏဖြစ်လို့ နာမည်ကြီးပါတယ်။ သူငယ်ချင်းတွေဆီသွားရင် အဲ့လမ်းက ဖြတ်ရသလို တက္ကသိုလ်သွားရင် အဲ့လမ်းကနေပဲ သွားရပါတယ်။ အဲ့လမ်းကမဖြတ်ရင် အဝေးကြီး ပတ်မောင်းရတာပါ။

၂၀၁၆ ခုနှစ်ဝန်းကျင်လောက်က သူငယ်ချင်းအိမ်ကနေ ဆိုင်ကယ်နဲ့ တယောက်တည်း ပြန်လာရင်း အဲဒီ ဂျပန်လမ်းရောက်တော့ တုတ်၊ ဓား ကိုင်ထားတဲ့ ဆိုင်ကယ်အုပ်စုတစုက ရုတ်တရက် ရှေ့နောက် ဝဲယာကနေ ဝိုင်းလိုက်ပါတယ်။

တုတ်ကိုင်ထားတဲ့ တယောက်က ကျနော့်အနား ကပ်လာတဲ့အချိန်မှာ တခြားတယောက်က “အဲ့ကောင် Rocker၊ ငါမြင်ဖူးတယ်၊ နှစ်ထောင်ယူပြီး သွားခိုင်းလိုက်တော့” လို့ ဆိုပါတယ်။

ကျနော်လည်း စဉ်းစားမနေတော့ဘဲ နှစ်ထောင် မြန်မြန်ပေးလိုက်ပါတယ်။ ဆိုင်ကယ်ထွက်သွားချိန်မှာတော့ နောက်ကနေ တယောက်က ကျောကို ကန်လိုက်ပါသေးတယ်။

နောက်ပိုင်း အပြင်ထွက်ရင် ဆိုင်ကယ်သိပ်မသုံးတော့ဘဲ ကားနဲ့သွားလာခဲ့ပေမဲ့ လုံခြုံမှုကတော့ မထူးခြားပါဘူး။ ကားနဲ့သွားလာနေချိန်မှာလည်း တုတ်တွေကိုင်ထားတဲ့ ဆိုင်ကယ်အုပ်စုတဖွဲ့က ဝိုင်းလာလို့ မောင်းပြေးခဲ့ရပါသေးတယ်။

ကျနော်ကတော့ လုယက်သူတွေဆီကနေ လေးကြိမ်ထက်မနည်း လွတ်မြောက်ခဲ့ပေမဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ ရပ်ကွက်ထဲက လူတချို့ကတော့ ဓားနဲ့ခုတ်ခံရတာ၊ ထိုးကြိတ်ပြီး ဆိုင်ကယ်လုယက်တာတွေ ခံခဲ့ရတာတွေ ကြုံတွေ့ခဲ့ရပါတယ်။

ကိုယ့်အတွေ့အကြုံအပြင် လုယက်သတ်ဖြတ်မှုသတင်းတွေရဲ့ နောက်ဆက်တွဲအဖြစ် လူတွေကို မယုံရဲတော့တာ၊ ဆိုင်ကယ်ကပ်လိုက်လာရင် ကြောက်လန့်သွားတာ၊ လူပြတ်တဲ့နေရာတွေမှာ လမ်းမလျှောက်ရဲတော့တာ၊ ညဘက် မလိုအပ်ရင် အပြင်မထွက်တော့တဲ့အထိ စိတ်ဒဏ်ရာရခဲ့ပါတယ်။

နာတာရှည်စိတ်ဒဏ်ရာနဲ့ ပြည်သူတွေရဲ့ဘဝ

NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာန လူထုအသိပေးချက်မှာတော့ စိတ်ဒဏ်ရာ (Trauma) ဆိုတာ လောကကြီးဟာ နေချင်စရာ လုံခြုံနွေးထွေးတယ်လို့ မခံစားရတော့ဘဲ တစ်ချိန်လုံး စိုးတထိတ်ထိတ် ဖြစ်စေတဲ့ အခြေအနေလို့ ဆိုပါတယ်။

နာတာရှည်စိတ်ဒဏ်ရာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် အလွန်အမင်း စိတ်ဖိစီးခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ အသက်ရှင်ကျန်ရစ်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ ခံစားရခြင်း၊ သာယာပျော်ရွှင်မှုကို မခံစားနိုင်ခြင်း စတဲ့ အကျိုးသက်ရောက်မှုတွေကို ခံစားနိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်ဖတ်နေရတဲ့ သတင်းတွေဟာ ပဋိပက္ခ၊ အကြမ်းဖက်မှု၊ သတ်ဖြတ်မှုနဲ့ လူမှုဒုက္ခအကြောင်းအရာတွေသာ အများစု ဖြစ်နေပါတယ်။ ဒီဖြစ်စဉ်တွေဟာလည်း တနေ့ထက်တနေ့ လျော့သွားခြင်းမရှိဘဲ အသစ်အသစ်တွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။

နိုင်ငံရေးစနစ်ပျက်စီးမှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိတာတွေဟာ ပြည်သူတွေကို ဘယ်လောက်ထိ စိတ်ဒဏ်ရာပေးနေမလဲဆိုတာ မေးခွန်းထုတ်စရာတောင် မလိုတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

နှစ်များကြာရှည်စွာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲဖြစ်တဲ့ စိတ်ဒဏ်ရာပြဿနာဟာ တဦးတယောက်အဆင့်က ကျော်လွန်ပြီး မြန်မာလူထုတရပ်လုံးကို ထိခိုက်စေမဲ့ ပြဿနာတခုအဖြစ် ပြောင်းလဲနေပါတယ်။

စိတ်ဒဏ်ရာကို ကုစားနိုင်ဖို့ဆိုရင် မိမိကိုယ်တိုင်ကလည်း အရေးကြီးသလို တခြားတဖက်မှာ တရားဥပဒေစိုးမိုးမှု အသက်ဝင်လာဖို့၊ စိတ်ကျန်းမာရေးဝန်ဆောင်မှုကောင်းတွေ ရှိဖို့နဲ့ လူ့အဖွဲ့အစည်းတခုလုံးက ပူးပေါင်းပါဝင်လာမှသာ ဒီဒဏ်ရာတွေကို ကုစားနိုင်ပါလိမ့်မယ်။

စိတ်ဒဏ်ရာဆိုတာ အချိန်တန်ရင် မေ့သွားမဲ့အရာလား

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ၊ အရပ်ဖက်နဲ့ NGOs စတဲ့ အဖွဲ့အစည်းတွေဟာ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးအတွက် နှစ်သိမ့်ဆွေးနွေးမှု (counselling session) တွေ ပြုလုပ်ပေးနေတာ ရှိပါတယ်။

ကျနော်လုပ်ခဲ့တဲ့ သတင်းဌာနတခုမှာတော့ နေ့စဉ် အကြမ်းဖက်မှုတွေ၊ အနိဌာရုံတွေပဲ မြင်နေ၊ ကြားနေ၊ ရေးနေရတဲ့အတွက် ဝန်ထမ်းတယောက်ချင်းစီကို ပညာရှင်နဲ့ နှစ်သိမ့်ဆွေးနွေးမှုတွေ (counselling session) ပြုလုပ်ပေးခဲ့ပါတယ်။

ပညာရှင်က ကိုယ့်ရဲ့စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာတွေနဲ့ ပြဿနာတွေကို နားထောင်ပေးပြီးတော့ စိတ်သောကထဲမှာ ပိတ်မိမနေဘဲ အားကစားတခုခုလုပ်ဖို့ အကြံပေးခဲ့ပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ တယ်လီကျန်းမာဆေးခန်း၊ တိုင်ပင်ဖော် (Taipinphaw) နဲ့ စိတ်ခွန်အားပေးသူများ (Mind Healers) စတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ တဆင့် အခမဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေပါတယ်။

ဒါ့အပြင် New Myanmar Foundation၊ Healing with Andrea၊ Jue Jue’s Safe Space စတဲ့ အဖွဲ့အစည်းတွေကလည်း အွန်လိုင်းကနေ နှစ်သိမ့်ဆွေးနွေးမှုနဲ့ စိတ်ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။

လက်ရှိကာလဟာ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေ များစွာလိုအပ်နေပေမဲ့ အခမဲ့ နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှု (Counselling session) လုံလောက်မှု မရှိသေးတာနဲ့ စိတ်ဒဏ်ရာကုထုံး ပညာရှင်တွေ (Trauma therapist) နည်းပါးမှု ပြဿနာတွေဟာလည်း မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။

တဖက်မှာလည်း လူမှုအသိုင်းအဝိုင်းက စိတ်ဒဏ်ရာရနေသူကို လှောင်ပြောင်တာတွေ၊ ကျူးလွန်ခံရသူကို အပြစ်ဖို့ခြင်း (victim blaming) မပြုလုပ်ဘဲ စာနာမှု၊ နားလည်မှုနဲ့ အကူအညီရနိုင်တဲ့ လမ်းကြောင်းတွေကို ညွှန်ပြပေးတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။

အနှစ်ချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေဟာ တနေ့မှာ ပြီးဆုံးသွားနိုင်ပေမဲ့ ပြည်သူလူထုရဲ့စိတ်ထဲက ကျန်ရစ်နေမဲ့ ဒဏ်ရာအနာတရတွေကတော့ လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမဲ့အရာ မဟုတ်ပါဘူး။

ကူညီဖို့ အနားကပ်လာသူတွေကိုတောင် ကြောက်လန့်ခဲ့ရတဲ့ စိတ်ဒဏ်ရာဟာ နေရာပြောင်းသွားလို့ ပျောက်သွားမဲ့အရာ မဟုတ်ဘူးဆိုတာ ကျနော့်ရဲ့ဖြစ်ရပ်က သက်သေပြနေပါတယ်။

ဒါ့ကြောင့် လူထုကို စိတ်လုံခြုံမှုပေးနိုင်တဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူအားလုံး လက်လှမ်းမီနိုင်ပြီး အရည်အသွေးရှိတဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှု၊ ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်အပြင် မိမိကိုယ်တိုင် စိတ်ကျန်းမာရေးကို ဂရုစိုက်မှသာ နာတာရှည် စိတ်ဒဏ်ရာကို ကုစားလာနိုင်မှာ ဖြစ်ပါတယ်။

အောရာရာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013