Home
ဆောင်းပါး
တခဏက တဘဝစာမှတ်မိသွားရတဲ့ ချစ်ခင်လေးနက်မှုရဲ့ အသံလွှင့်သမားဘဝ
DVB
·
February 5, 2026

(က)

၁၉၉၃ ခုနှစ်တုန်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီမိုရက်တစ်မြန်မာ့အသံရဲ့ သတင်းထောက်အခြေခံ အသံလွှင့်သင်တန်းတခု ဖွင့်ခဲ့ပါတယ်။ တော်လှန်ရေး အဖွဲ့ပေါင်းစုံက သင်တန်းသားတွေ တက်ကြရတာပါ။ အဲဒီသင်တန်းမှာ ဗမာစကား လည်လည်ဝယ်ဝယ်မပြောတတ်တဲ့ ကရင်သင်တန်းသားလေးတဦးလည်း သင်တန်းတက်ပါတယ်။  သင်တန်းဆရာ ဦးဝင်းအောင်ကြီးက ရယ်စရာအဖြစ်ပြောတာက “ဘယ့်နှယ် မြန်မာလို အသံလွှင့်သင်တန်းမှာများ မြန်မာလို ကောင်းကောင်းမပြောတတ်တဲ့ သင်တန်းသားနဲ့မှ လာတွေ့နေရတယ်”ဆိုတဲ့စကားပါ။ တကယ်တော့ စစ်အာဏာရှင်ကို တော်လှန်လိုစိတ်ရှိဖို့က အဓိကဖြစ်ပြီး ဘာသာစကားကိစ္စက သင်ယူရင်ရတယ်ဆိုတာ ဆရာက သိပါတယ်။ ဆရာက ရယ်စရာစကားအဖြစ်သာ ပြောတာဆိုတာ သင်တန်းသားအားလုံးက သိခဲ့ကြပါတယ်။ ဆရာရည်ညွှန်းတဲ့ အဲဒီ ကရင်လူငယ်ရဲဘော်လေး “ကွယ်သာထူး” ဟာ နောင်အချိန် မာနယ်ပလောမှာအခြေစိုက်တဲ့ DVB ရဲ့ ရွှေဗဟိုစည်စတူဒီယိုမှာ အသံဖမ်းယူမှုတာဝန်ခံ ဖြစ်လာခဲ့ပါတယ်။

သင်တန်းမှာတုန်းကလည်း သွက်လက်ချက်ချာပြီး အင်မတန်ကြိုးစားသူမို့ ကွယ်သာထူးကို ဆရာကလည်း ချစ်ပါတယ်။ မာနယ်ပလော ကျရှုံးချိန်အထိ ကွယ်သာထူးဟာ ကျနော်တို့နဲ့အတူ ရွှေဗဟိုရ်စည်စတူဒီယို အသံဖမ်းတာဝန်ခံ လုပ်သွားခဲ့ပါတယ်။

သူနဲ့ပတ်သက်ပြီး ချစ်ဖို့ ရယ်ဖို့ကောင်းတာတခု  အခုအထိ မမေ့နိုင်တာ ရှိပါတယ်။

တနေ့မှာ စတူဒီယိုကို ဧည့်သည် သုံး လေးယောက် ရောက်လာပါတယ်။ ကျနော်က ကွယ်သာထူးကို ဧည့်သည်တွေ ထမင်းကျွေးဖို့ ထမင်းကျက်ပြီလားလို့ လှမ်းမေးတော့ ကွယ်သာထူးက နားဝေတိမ်တောင်ဖြစ်နေတာမို့ ကျနော်က ချက်ချင်းသဘောပေါက်ပြီး “ဟဲ့ ထမင်းကျက်ပြီလား” ဆိုတာ စားလို့ရပြီးလားလို့ မေးတာဖြစ်ကြောင်း ပြောမှ ကွယ်သာထူးလည်း ကမန်းကတန်း ထမင်းခူးဖို့ လုပ်ပါတော့တယ်။

နောက် သုံး လေးရက်ကြာတော့ အိမ်ရှေ့ခန်းမှာထိုင်နေတဲ့ ကျနော့်ကို “ဟေ့ ကိုငြိမ်း နင့်သင်္ဘောသီးတွေ ကျက်နေပြီ”လို့ လာပြောပါတယ်။ “အယ် မှည့်နေပြီလို့ ပြောရတယ် သားရ” လို့ ကျနော်က ပြောတော့ “နင်ပဲ စားလို့ရပြီလေလို့ ဧည့်သည်တွေ ထမင်းကျွေးတဲ့နေ့က ပြောတာလေ” လို့ ကွယ်သာထူးက ပြောရှာပါတယ်။ နောက်ပိုင်းမှာ ကွယ်သာထူးဟာ အင်မတန် မြန်မာစကားကြွယ်လာခဲ့ပါတယ်။

(ခ)

ကွယ်သာထူးအကြောင်း ပြန်တွေးတဲ့အခါ အသံလွှင့်တဲ့အချိန်တိုင်း ဂရုတစိုက် အာရုံထားဖတ်မှ ပြောမှရမယ် ဆိုတာကို ကျနော် အလေးအနက် ပိုထားခဲ့ပါတယ်။ အသံလွှင့်ဌာနမှာ အသံလွှင့်သမားအဖြစ် တာဝန်ထမ်းဆောင်ရင် ဂီတနဲ့လည်း သိပ်မဝေးသင့်ဘူးဆိုတာလည်း မှန်ပါတယ်။ ဒါကို သက်သေတခု ကျနော် ပြောပါ့မယ်။

ကျနော်တို့ရဲ့ အယ်ဒီတာချုပ် ဒေါက်တာအောင်ခင်(အန်ကယ်ကြီး) ဆိုရင် သိကြတဲ့အတိုင်း အသံဩဇာလည်းကောင်း၊ လေယူလေသိမ်းကလည်းတော်၊ အသံလွှင့်အတွေ့အကြုံကလည်း ရှိဆိုတော့ ကျနော်တို့ အတုယူရ အားကိုးခဲ့ကြရသူပါ။  တနေ့ကျတော့ ဩစတြေးလျဒေသဆိုင်ရာ မြန်မာအသံလွှင့်ဌာနတခုက အန်ကယ်ကြီးဆီကို အသံလွှင့်ဆောင်းပါးစာမူ တောင်းပါတယ်။ ပြီးတော့ အဲဒီစာမူကို အန်ကယ်ကြီးကိုယ်တိုင် ဖတ်စေပါတယ်။ မြန်မာလူငယ်တွေလည်းဖြစ်၊ တော်လှန်ရေးဘက်က လူငယ်တွေလုပ်တဲ့ အသံလွှင့်ဌာနလည်းဖြစ်လို့ အန်ကယ်ကြီးခမျာ စိတ်ပါလက်ပါ ရေးရ အသံသွင်းရနဲ့ တော်တော်ကြိုးစားရှာပါတယ်။ သိပ်မကြာဘူး၊ အဲဒီအသံလွှင့်ဌာနက အန်ကယ်ကြီးအစီအစဉ်ပါတဲ့ တိပ်ခွေတခု စာတိုက်ကတဆင့် ရုံးကို ရောက်လာပါတယ်။ အန်ကယ်ကြီးလည်း ဝမ်းသာအားရနဲ့ ကျနော်တို့ရှေ့မှာ တိပ်ခွေကို ဖွင့်ပြပါတယ်။ အန်ကယ်ကြီးရဲ့ ဆောင်းပါးအစီအစဉ်ကို အစီအစဉ်မှူးက စတင်အသံလွှင့်တော့မှာ ဖြစ်ကြောင်း ကြေညာပြီးတဲ့အခါ အန်ကယ်ကြီးရဲ့ အသံထွက်မလာခင် တီးလုံးတခု ခန့်ခန့်ညားညား ထွက်လာပါတယ်။ ပြီးမှ အန်ကယ်ကြီးရဲ့ သတင်းဆောင်းပါးဖတ်တဲ့အသံ ဝင်လာတာပါ။ တီးလုံးအသံ ထွက်လာတော့ အန်ကယ်ကြီးက ရှက်ကိုးရှက်ကန်းမျက်နှာနဲ့ ကျနော်တို့ကိုကြည့်ပြီး “ဒီကောင်တွေ ဘာမှနားမလည်ဘူး၊ တော်တော်ခက်တယ်” လို့ ပြောပါတော့တယ်။ အန်ကယ်ကြီး ပြောလည်း ပြောစရာပါ။ အန်ကယ်ကြီးရဲ့ သတင်းဆောင်းပါးဖတ်တဲ့ အသံရှေ့က ထွက်လာတဲ့ တီးလုံးက ဇာတ်ထဲက ဝန်ကြီးတွေ ထွက်တော့မယ်ဆိုရင် တီးတဲ့ ထွက်တော်မူ စည်တော်ကြီး တီးလုံးအသံ ထွက်လာလို့ပါပဲ။ အန်ကယ်ကြီးလည်း သူ့ဆောင်းပါးကို ဆုံးအောင်တောင် နားမထောင်တော့ဘဲ ကက်ဆက်ကို ထပိတ်ပါတော့တယ်။

(ဂ)

တနေ့မှာ ကိုကျော်ကျော်က နေ့စဉ် အစီအစဉ်မှူး တာဝန်ကျတဲ့နေ့ တနေ့တာ အသံလွှင့်အစီစဉ်တွေ စီစဉ်ထုပ်ပိုးနေချိန် ကျနော်လည်း စတူဒီယိုခန်းထဲ ခဏရောက်နေချိန် ကိုကျော်ကျော် ဘေးမှာ ကျနော် ရပ်နေခဲ့ပါတယ်။ ကိုကျော်ကျော်က တနင်္ဿာရီဒေသ ရထားလမ်းလုံခြုံရေးယူထားတဲ့ နဝတ စစ်တပ်စစ်သားတွေက ရထားလမ်းပေါ်တတ်လာတတ်တဲ့ ကျွဲတွေ၊ နွားတွေကို မမောင်းဘဲ သေနတ်နဲ့ ပစ်သတ်စားကြတဲ့ သတင်းကို ဖတ်ကြားအသံသွင်းပါတယ်။ (အဲဒီအချိန်က သတင်းတွေကို တိုက်ရိုက်အသံ မလွှင့်သေးတဲ့အချိန် ကြိုတင်အသံသွင်းပြီးမှ အသံလွှင့်ချိန်‌ ရောက်တော့မှ ကက်ဆက် ခလုတ်နှိပ်ပြီး စတင်အသံလွှင့်တဲ့အချိန်ပါ)။ ကိုကျော်ကျော်က အဲဒီသတင်းကို သုံးခါလောက် ဖတ်ပြီးမှ အသံသွင်းပါတယ်။

“…..ရထားလမ်းပေါ်တက်လာတတ်သည့် ကျွဲနွဲများကို…”‌

ကိုကျော်ကျော်က ရောက်တဲ့နေရာမှာ အသံမသွင်းဘဲ ရပ်ထားပြီး သည်အတိုင်းသတင်းကို လေ့ကျင့်တဲ့သဘော သုံးခေါက်လောက် ပြန်ဖတ် ပြန်လေ့ကျင့်ပါတယ်။ ပြီးတော့မှ အသံပြန်သွင်းဖို့ လုပ်ပါတယ်။

“......ရထားလမ်းပေါ် တက်လာသည့် ကျွဲနွဲများကို……’။ ကျနော့်မှာ မနေနိုင်တော့ဘဲ ရယ်လိုက်မိပါတော့တယ်။ ကိုကျော်ကျော်လည်း ရှက်ပြုံးမျက်နှာကြီးနဲ့ အခက်တွေ့နေရှာပါတယ်။ သူ့ခမျာ ပြန်ပြီးလေ့ကျင့်တဲ့သဘော သုံး လေးကြိမ်ဖတ်တော့ ကျွဲနွား ကို ကျွဲနွား လို့ အမှန်အတိုင်း ဖတ်နိုင်ပေမဲ့ တကယ်အသံသွင်းလို့ ဖတ်တဲ့အခါကျတော့ ကျွဲနွား မဖြစ်ဘဲ ကျွဲနွဲ ချည်းပဲဖြစ်နေလို့ တော်တော့်ကို အခက်တွေ့ ချွေးပြန်။ ကျနော့်မှာလည်း သူ့ဘေးကရပ်ပြီး တအံ့တဩဖြစ်ရ၊ ရယ်ရ။

ထိုစဉ်မှာပဲ ကျနော်တို့အနား ဘယ်အချိန်ကတည်းက ရောက်နေသည်မသိ၊ မသီတာက ဝင်ပြီး အကြံပေးလာပါတယ်။

“ဟာ ဒီလိုလုပ် ဦးငြိမ်း၊ ကိုကျော်ကျော်ကို ကျွဲနွား ဆိုတဲ့စကားလုံးကို နွားကျွဲ လို့ ပြင်ရေးပြီး ပြန်ဖတ်ခိုင်း ဦးငြိမ်း” လို့ အကြံပေးလာပါတယ်။ ဒါနဲ့ပဲ မသီတာ အကြံပေးတော့မှ ကျနော်လည်း အကြံရပြီး ကိုကျော်ကျော် ဖတ်နေတဲ့သတင်းကို ကျွဲနွား အစား နွားကျွဲ ဖြင့် ပြောင်းရေးပြီး ဖတ်ခိုင်းလိုက်ပါတယ်။ 

ကိုကျော်ကျော်က စိတ်ချရအောင်ဆိုပြီး “နွားကျွဲ”ကို သုံးခေါက်လောက် အစမ်းလေ့ကျင့်ပါတယ်။ သူ့ကိုယ်သူ စိတ်ချရပြီဆိုမှာ သတင်းကိုဖတ်ပြီး အသံသွင်းပါတယ်။

“ရထားလမ်းပေါ်တက်လာတတ်သည့် နွားကျွားများကို….”

ကျနော်ရော မသီတာပါ ပြိုင်တူ ရယ်ကြရပါတော့တယ်။ အစတော့ ကိုကျော်ကျော်မှာ မျက်နှာငယ်လေးနှင့် ဖြစ်နေရာက သူလည်း ကျနော်တို့နှင့်ရောက အသံထွက်ပြီး ရယ်ပါတော့တယ်။

နွေးထွေးချစ်မက်ဖွယ် DVB ခေတ်ဦးအစ အသံလွှင့်သမားဘဝ အတွေ့အကြုံများကို ကျနော့်မှာ နှစ်များစွာကြာသည်အထိ မေ့ပျောက်လို့ မရနိုင်တော့ပါ။ ။

ငြိမ်းဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013