Home
ဆောင်းပါး
ဂူအောင်း၍ မြေကသိုဏ်းရှုနေပြီလော
DVB
·
February 3, 2026

ရုရှား လုံခြုံရေးကောင်စီအကြီးအကဲ ဆာဂေးရွှိုင်ဂူသည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ နေပြည်ဝောာ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ရုရှားကိုယ်စားလှယ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ‌တွေ့ဆုံဖို့ ရှိနေသဖြင့် တကယ်တမ်းတွေ့ဆုံဖြစ် မဖြစ်ကို အားလုံးက စောင့်ကြည့်နေကြပြီ ဖြစ်သည်။

ယခုအချိန်အထိတော့ မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့်သတင်း ထွက်မလာသေးပေ။ စာချုပ်များကို တင်အောင်ဆန်းက ထိုးသည် ဆိုသည်ဟုသာ သိရသည်။ အကယ်၍ ဘွားကနဲ ကိုယ်ထင်ပြလာပြီ ‌ဆိုက ခုနှစ်ရက်တိတိ ဂူအောင်း ဝဇီပိတ် ယတြာချေနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ရုရှားသည် စစ်အေးတိုက်ပွဲကာလအတွင်းမှာပင် မြန်မာအပေါ် စိတ်ဝင်တစား မရှိလှသော်လည်း အစောင့်အရှောက်ခံ နိုင်ငံအဖြစ် ရပ်တည်ပါရစေဟု ဒူးထောက်တောင်းဆိုလာပါက ရံဖန်ရံခါ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးခြင်းဖြင့် ထိန်းထားမည်သာ ဖြစ်သည်။

ထိုခရီးစဉ်အတွင်း ရုရှားတို့ လိုအပ်နေသော ၁၂၀ မမ အ‌မြောက်ကျည်များ ထုတ်လုပ်ရေး ‌‌ဆွေးနွေးကြမည်ဟု ယူဆရသည်။ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံများ (ကပစ) သည် ရုရှားနည်းပညာကို အခြေခံထားသည့် ခဲယမ်းမီးကျောက် အမြောက်အမြားကို ထုတ်လုပ်နိုင်စွမ်း ရှိ‌နေသည်။

ရုရှားအတွက် ရေရှည်ဝင်ငွေရနေသော တိုက်လေယာဉ်များ ရောင်းချရေး၊ အပိုပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများလည်း ဆွေးနွေးဖို့ ရှိနိုင်သည်။

ရုရှား၊ တရုတ်တို့မှ ၎င်းတို့ အကျိုးရှိရာရှိကြောင်းအတွက် စစ်အုပ်စုသည် မိမိတို့ကို လက်လွှတ်မခံနိုင် ဖြစ်နေမှန်း သိ၍လည်း ရွေးကောက်ပွဲတွင် စစ်အုပ်စုသည် ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရရေးအတွက် ရွေးကောက်ပွဲဥပဒေများနှင့် မဲပေးခြင်းနည်းစနစ်များ အသေအချာ စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ၎င်းတို့၏ မဟာမိတ်ကြီးဖြစ်သော အီရန်အား ထရမ့်ပ်မှ ရေတပ်ကြီးနှင့် ဝိုင်းရံခံနေရချိန်တွင် နှစ်နိုင်ငံစလုံးက အီရန်နှင့်အတူ ရပ်တည်သွားမည်ဟု လက်သီးလက်မောင်း တန်းမလာကြသည်ကို သတိမူသင့်ပေသည်။

နောက်လတွင် စစ်ဗိုလ်ချုပ်များ ယူနီဖောင်းချွတ်ကာ ဝင်ထိုင်ကြမည့် လွှတ်တော်ထဲတွင်တော့ အေးမောင်၊ ကိုကိုကြီး၊ စန္ဒာမင်း၊ သက်သက်ခိုင် တို့ကိုတော့ ‌တွေ့ကြရမည်ကား မဟုတ်ပေ။

စစ်တပ်နှင့် စစ်တပ်ပါတီသာလျှင် အာဏာချုပ်ကိုင်မည့် စစ်ကျွန်ဇာတ်သွင်းသော ရွေးကောက်ပွဲမှန်း သိသိနှင့် စစ်တပ်နှင့် ပူးပေါင်းခဲ့ကြသူများအဖို့ လွှတ်တော်ထဲတွင်ပင် ဝင်ထိုင်ခွင့်မရကြတော့ဘဲ ခွက်ခွက်လန်အောင် အရေးနိမ့်သွားခဲ့ရသည်။ စစ်တပ်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်း ဆက်ဆံနိုင်မှ နိုင်ငံရေးလုပ်ခွင့်ရမည့် လူ့ဂုဏ်သိက္ခာအမဲ့ဆုံး၊ ဒီမိုကရေစီ စံတန်ဖိုး အမဲ့ဆုံး နိုင်ငံရေး အခင်းအကျင်းကို စစ်တပ်နှင့်ပေါင်းပြီး ပုံဖော်ခဲ့ကြခြင်းသာ ဖြစ်သည်။ ယခုအခါ ၎င်းတို့သည် စံတန်ဖိုးမဲ့ နိုင်ငံရေးသမားများဘဝ သက်ဆင်းခဲ့ရပြီ ဖြစ်သည်ဟု မြန်မာနောင်းက ရေးသားလာခဲ့သည်။

ဒီတကြိမ်လည်း ကြံခိုင်ရေးပါတီ၏ မဲလိမ် မဲခိုးခြင်း ခံရပါသည် အသံထွက်ဝံ့ကြပါ၏လောဟုလည်း မေးခွန်းထုတ်ထားသည်။

၎င်းတို့ကို အဘယ်ကြောင့် ပြည်သူများက ထောက်ခံမဲပေး မရွေးချယ်ခဲ့ကြသနည်းဟု ကိုယ့်ဖာသာ ပြန်မေးခွန်းထုတ်ကြဖို့သာ ရှိသည်။

ပြည်သူ့နှလုံး မသိမ်းကျုံးနိုင်ခဲ့၍ နိုင်ငံရေးဘဝ နိဂုံးချုပ်သွားခဲ့ရသည့် အဖြစ်ကို အထင်အရှား တွေ့မြင်နိုင်ပေသည်ဟု ရေးသားထားသည်။

စစ်အုပ်စုသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူထုအား စနိုက်ပါနှင့် နဖူးတည့်တည့်ကို ပစ်ခြင်း၊ လက်နက်ကြီးများသုံး၍ ဖြိုခွင်းခြင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံများကို တမင်တကာ ရည်ရွယ်၍ ဗုံးကြဲ တိုက်ခိုက်ခြင်းများ လုပ်ခဲ့သော၊ လုပ်နေဆဲ ဖြစ်သော စစ်အုပ်စုသည် တိုင်းပြည်ကို အဘယ်သို့များ ရေရှည် ဆက်၍ အုပ်ချုပ်သွားနိုင်မည်နည်း ဆိုသည်က စိတ်ဝင်စားစရာ ကောင်းနေသည်။

၎င်းတို့အဖို့က မက်ကီယာဗယ်လီ၏ မင်းသားကျမ်းပါအတိုင်း မိမိအုပ်ချုပ်ခံရသူများ၏ ချစ်ခင်မှုကို ရရှိရန်ထက် မိမိကို ကြောက်ရွံ့နေစေရန် ပြုလုပ်ခြင်းက အာဏာမြဲဖို့ ပို၍ စိတ်ချရသည်ဟု ယူဆနေကြသည်။ သို့သော် တဖက်တွင် ပြန်၍ ထိန်းထားဖို့လိုသည်ဟု  မီးမောင်းထိုးပြသွားသည့် အချက်ကိုတော့ ၎င်းတို့ မည်သို့မျှ လိုက်နာ၍မရ ဖြစ်နေသည်။

မက်ကီယာ ဗယ်လီက အုပ်ချုပ်ခံရသူများက “ကြောက်ရွံ့ခြင်း” သည် လူတို့ကို ငြိမ်သက်စေသော်လည်း မုန်းတီးခံရသည်အထိ မဖြစ်အောင် ရှောင်ကြဉ်ရမည်၊ “မုန်းတီးသွားခြင်းသည် လူများကို ရဲရင့်သွားစေပြီး အာဏာရှင်ကို ဖြုတ်ချရန် ဝန်မလေးကြတော့၊ မိမိ၏ အာဏာသည်လည်း မည်သို့မျှ ခိုင်မြဲတော့မည် မဟုတ်” ဟု ဆိုထားသည်။

လူထုကို လိုက်လျောပါက မိမိတို့ အားနည်းသွားမည်ဟု လှေနံဓားထစ် မှတ်ယူထားကြသူများအဖို့ ၎င်းတို့၏ လားရာကား မဝေးလှတော့ပေ။

၎င်းတို့ ဖန်တီးထား‌သော စစ်ရေးနှင့် နိုင်ငံရေး ပဋိပက္ခများကြောင့် စီးပွားရေးပြိုလဲမှုသည် လှိုက်စားလာနေပြီး ယခင်က အလွယ်တကူ ဝယ်ယူရရှိနိုင်သော နိုင်ငံတကာ အမှတ်တံဆိပ် Coca-Cola၊ ကြောင်စာနှင့် အမျိုးသမီးသုံး ပစ္စည်းများပင်  စူပါမားကတ် စင်များပေါ်မှ ပျောက်ဆုံး သို့မဟုတ် ဈေးနှုန်း အဆမတန် မြင့်တက်နေပြီဟု ဝါရှင်တန်ပို့စ် သတင်းစာက ထောက်ပြထားသည်။ ၎င်းသည် လူလတ်တန်းစားများနှင့် သာမန်ပြည်သူများ၏ နေ့စဉ်ဘဝ မည်မျှ ခက်ခဲလာသည်ကို ပြသနေသည်ဟု ဆိုသည်။

ကုလသမဂ္ဂ၏ တွက်ချက်ထားမှုအရ ငါးနှစ်အတွင်း တိုင်းပြည်စီးပွားရေးသည် ဒေါ်လာ ၁၀၀ ဘီလီယံခန့် ဆုံးရှုံးသွားခဲ့ရပြီး ၂၀၂၀ မတိုင်မီကာလ အနေအထားသို့ ပြန်ရောက်ရန် နှစ်ပေါင်း အတန်ကြာထိ စောင့်ရလိမ့်မည်ဟု သိရသည်။

လေ့လာသုံးသပ်သူများ အားလုံးကမူ ၎င်းတို့၏ ငါးနှစ်တာ ရီပို့ကတ်တွင် ဆိုးသည်ထက် ဆိုးလာနေပြီဟု ကြက်‌ခြေခတ်ခဲ့ကြပြီ ဖြစ်သည်။

တဖက်တွင်လည်း ငါးနှစ်သား ရောက်လာပြီဖြစ်သော ပြည်သူ့တော်လှန်ရေးသည် ကိုယ်လက်အင်္ဂါ တောင့်တင်းခိုင်မာ သန်စွမ်းလာနေပြီ ဖြစ်သည်။

လှစိုးဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013