ထိုင်းမြောက်ပိုင်းမြို့တော် ချင်းမိုင်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ ယူနက်စကို (UNESCO) က လာမဲ့ ဇွန်လထဲမှာ လေ့လာရေးအဖွဲ့တဖွဲ့ စေလွှတ်သွားဖို့ ရှိနေတယ်လို့ Khaosod သတင်းမှာ ဖေဖော်ဝါရီ ၃ ရက်က ဖော်ပြပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံက အဆိုပြုလွှာအပြည့်အစုံကို အခုနှစ် အစောပိုင်းတုန်းက တင်သွင်းခဲ့ပြီးနောက်မှာ ယူနက်စကိုက ကွင်းဆင်းစစ်ဆေးဖို့ သဘောတူညီခဲ့တဲ့အကြောင်း ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖိချိုင် လတ်ဖောင်ဒီဆွန်က ပြောပါတယ်။
ရှေးဟောင်း လန်းနားမင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ချင်းမိုင်မြို့ကို “ရှင်သန်နေသော အမွေအနှစ်” မြို့အဖြစ် အသိအမှတ်ပြုခံရစေဖို့ ရည်ရွယ်ပြီးတော့ ခုလိုတင်သွင်းလိုက်တာဖြစ်ပြီး ယူနက်စကို အဖွဲ့ရဲ့ စစ်ဆေးမှုမှာတော့ အဓိကကျတဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှုခင်းနေရာ ၈ ခု ပါဝင်မယ်လို့ ဆိုပါတယ်။
ဒါဟာ ပိတ်ပစ်ထားတဲ့ ရှေးဟောင်းသုတေသနနယ်မြေတွေထက် လူတွေ အမှန်တကယ် ဆက်လက်နေထိုင်ပြီး ရိုးရာယဉ်ကျေးမှုတွေကို လက်တွေ့ကျင့်သုံးနေဆဲဖြစ်တဲ့ အမွေအနှစ်ဒေသတွေကို ရည်ညွှန်းတာလို့ ဆိုပါတယ်။
လတ်တလော ယူနက်စကိုအဖွဲ့က စစ်ဆေးသွားမဲ့ နေရာတွေထဲမှာတော့ အဓိက ဘုရားကျောင်း ၇ ကျောင်းဖြစ်တဲ့ ဝပ်ချင်းမန်၊ ဝပ်ဖရာဆင်း၊ ဝပ်စေတီလုံ၊ ဝပ်ဖရာဓာတ်ဒွိုင်စုထက်၊ ဝပ်ဆွမ်းဒေါ့၊ ဝပ်ချက်ယော့၊ ဝပ်အူမုံနဲ့ သမိုင်းဝင် မြို့ကွက်ပုံစံ (မြို့တံခါး ၅ ခု၊ ထောင့်ခံတပ် ၄ ခုနဲ့ ရှေးဟောင်းကျုံး) တို့ ပါဝင်မယ်လို့ သိရပါတယ်။
ဒီအတွက် ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့က ဘတ် ၅ သန်း ဘတ်ဂျက် ထောက်ပံ့မှုအပြင် သုတေသနနဲ့ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေကို အတူတကွလုပ်ဆောင်ခဲ့ကြတဲ့ ဒေသခံလူထု၊ ပညာရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေဆီကလည်း ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုရရှိထားကြောင်း မစ္စတာဖိချိုင်က ပြောပါတယ်။
လာမဲ့ဇွန်လစစ်ဆေးမှုက စီစဉ်ထားတဲ့အတိုင်း ဖြစ်မြောက်ခဲ့ရင်တော့ တရားဝင်ဆုံးဖြတ်ချက်ကို အခုနှစ်နှောင်းပိုင်းမှာ သိရှိရဖို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အမွေအနှစ်အဆင့် ရရှိခြင်းက ချင်းမိုင်မြို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို အားကောင်းစေမဲ့အပြင် ရေရှည်တည်တံ့သော စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။




