Home
နိုင်ငံတကာ
မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင် သတ်ဖြတ်ခံရပြီးနောက် မက္ကဆီကိုတွင် ခရီးသွားသတိပေးချက် ထုတ်ပြန်
DVB
·
February 23, 2026
Photo: REUTERS / SOCIAL MEDIA WEBSITE

မက္ကဆီကိုစစ်သားတွေက ထိပ်တန်းမူးယစ်ဂိုဏ်းခေါင်းဆောင်တယောက်ကို သတ်ဖြတ်ပြီးတဲ့နောက် နိုင်ငံထဲက ပြည်နယ်အတော်များများမှာနေတဲ့ အမေရိကန်နိုင်ငံသားတွေကို အိမ်ထဲမှာပဲ ခိုလှုံနေကြဖို့နဲ့ လှုပ်ရှားမှုတွေကို လျှော့ချဖို့ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ မက္ကဆီကိုနိုင်ငံ အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၂၂ ရက်မှာ တိုက်တွန်းပါတယ်။

မက္ကဆီကိုနိုင်ငံရဲ့ နေရာအတော်များများမှာ ဆက်ဖြစ်နေတဲ့ ကျယ်ပြန့်တဲ့ လုံခြုံရေး စစ်ဆင်ရေးတွေနဲ့ ဆက်စပ်နေတဲ့ လမ်းပိတ်ဆို့မှုတွေ၊ ရာဇဝတ်မှု လုပ်ဆောင်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေ နောက်ထပ် အကြောင်းကြားစာ မထုတ်ပြန်မချင်း အိမ်ထဲမှာ ခိုလှုံသင့်တယ်လို့ ဌာနရဲ့ ကောင်စစ်ရေးရာဌာနက လူမှုမီဒီယာပလက်ဖောင်း X မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ကနေဒါနိုင်ငံက အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး မက္ကဆီကိုနိုင်ငံထဲက ကနေဒါနိုင်ငံသားတွေ “လျှို့ဝှက်နေထိုင်ကြဖို့နဲ့ ဒေသန္တရအာဏာပိုင်တွေရဲ့ အကြံဉာဏ်ကို လိုက်နာဖို့ အကြံပြုထားတယ်” လို့ ပြောပါတယ်။

လောလောဆယ် “လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်တာတွေ ပေါက်ကွဲမှုတွေကို ကိုးကားပြီး  မီချွာကန်၊ ဂွါရဲရိုနဲ့ ဂျာလစ်စကို ပြည်နယ်တွေက နိုင်ငံသားတွေကို အိမ်ထဲမှာ ခိုလှုံနေဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်နဲ့ ကနေဒါ လေကြောင်းလိုင်းတွေ အများအပြားဟာလည်း ပွါတို ဗယ်လာတာ၊ ဂွါဒါလာ ဂျာလာနဲ့ မန်ဇာနီလ်လိုတို့ဆီသွားတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံသားတွေကိုလည်း သူ့အစိုးရက မက္ကဆီကိုနိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားဆီ ခရီးသွားတာကို ပြန်စဉ်းစားဖို့ အကြံပေးထားပါတယ်။

“ဂွါဒါလာဂျာရာနဲ့ ပွါတိုဗလာတာ အပါအဝင် ဂျာလစ်စကို ပြည်နယ်တဝန်းမှာ ပြင်းထန်တဲ့ လုံခြုံရေး ကျိုးပေါက်မှုတွေ ဖြစ်ခဲ့တာကို သတင်းပို့ထားတယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနရဲ့ Smartraveller ဝက်ဘ်ဆိုက်က တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

လေကြောင်းခရီးစဉ် အပါအဝင် သယ်ယူပို့ဆောင်ရေး အနှောင့်အယှက်တွေ ရှိနိုင်လို့ သတိရှိရှိ နေထိုင်ပြီး ဒေသန္တရ အာဏာပိုင်တွေရဲ့ အကြံဉာဏ်ကို လိုက်နာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အယ်လ်မန်ချိုလို့ လူသိများတဲ့ နီမီစီယို အိုဆီဂွါရာဟာ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေ နောက်ပိုင်းမှာ မူးယစ်ဂိုဏ်းတွေအပေါ် ဖိအားတွေ တိုးနေချိန် စစ်ရေးစီးနင်းမှုတခုအတွင်း သေဆုံးခဲ့တယ်လို့ မက္ကဆီကိုအရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

စစ်ဆင်ရေးအပြီးမှာ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်း အပါအဝင် နိုင်ငံတဝန်းမှာ အကြမ်းဖက်မှုလှိုင်း စတင်ခဲ့ပြီး ကားတွေ မီးရှို့ခံထားရသလို သေနတ်သမားတွေက ပြည်နယ် ၆ ခုကျော်က အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့ထားခဲ့ပါတယ်။

မက္ကဆီကိုရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဂွါဒါလာဂျရာမြို့နဲ့ ဂျာလစ်စကိုတို့မှာ ယာဉ်တွေ မီးလောင်နေပြီး မီးခိုးတွေ အူထွက်နေတာကို ဖေဖော်ဝါရီ ၂၂ ရက်က ရိုက်ကူးထားတဲ့ ဒရုန်းဗီဒီယိုမှာ တွေ့ရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013