
မက္ကဆီကိုနိုင်ငံရှိ မက္ကဆီကိုစီးတီးမှာ မက္ကဆီကိုအနုပညာရှင် ပေဒရိုရေးယက်စ်ဟာ လူသတ်လက်နက်တွေကို ဂီတတူရိယာတွေအဖြစ် အသွင်ပြောင်းလဲပြသထားတဲ့ “Disarm” အမည်ရှိ သူ့ရဲ့ ထူးထူးခြားခြား နိုင်ငံတကာ ပရောဂျက်အနုပညာပြပွဲကို ဖွင့်လှစ်ပြသခဲ့ပါတယ်။
ဒီပြပွဲဟာ “စွဲမက်စရာ” အနုပညာစင်တာ (CAI) ရဲ့ ပထမဆုံး ပြပွဲဖြစ်ပါတယ်။ ပေဒရို ရေးယက်စ် ဟာ ၂၀၁၂ ခုနှစ်မှာ ဒီစီမံကိန်းကို စတင်ခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေ အထွတ်အထိပ် ရောက်နေချိန်က ဆီအူဒက် ဟွာရက်ဇ် မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးဂိုဏ်းတွေဆီကနေ သိမ်းဆည်းရမိထားတဲ့ ပစ္စတို၊ ရိုင်ဖယ်နဲ့ စက်သေနတ် စတဲ့ လက်နက်မျိုးစုံ ၇,၀၀၀ ကျော်ကို အသုံးပြုပြီး ပလွေ၊ စောင်းနဲ့ ဒရမ် စတဲ့ တူရိယာတွေအဖြစ် ဖန်တီးခဲ့တာပါ။
အဲဒီတူရိယာတွေမှာ လူတွေ ဝင်တီးခတ်နေစရာမလိုဘဲ အလိုအလျောက် တီးခတ်နိုင်တဲ့ စနစ်တွေကိုလည်း ထည့်သွင်းထားပါတယ်။
ပြပွဲလာပရိသတ်တယောက်က “ဒါတွေဟာ သေနတ်တွေဆိုတာကို သိလိုက်ရတဲ့အခါ ကိုယ်တိုင် ရှင်သန်နေရတဲ့ အကြမ်းဖက်မှု အခြေအနေတွေအတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိတယ်” လို့ ဆိုပါတယ်။
အနုပညာ ဖန်တီးရှင် ရေးယက်စ်ကတော့ ဒါဟာ အမေရိကန်ကနေ စီးဝင်လာတဲ့ လက်နက်တွေ ပျံ့နှံ့နေမှုကို မီးမောင်း ထိုးပြချင်တာလို့ ပြောပါတယ်။
ဒါဟာ အကြမ်းဖက်မှုတွေမှာ အသုံးပြုတဲ့ လက်နက်တွေကို လူမှုအကျိုးပြု အနုပညာပစ္စည်းတွေအဖြစ် အသွင်ပြောင်းလဲလိုက်တဲ့ “လူမှုရေးဆိုင်ရာ ပန်းပုလက်ရာ” တခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာ မက္ကဆီကိုအနုပညာရှင် ပေဒရိုရေးယက်စ်က ဂီတပညာရှင်တွေ၊ သတ္တုလုပ်သားတွေနဲ့ ပူးပေါင်းပြီးတော့ လူသတ်လက်နက်တွေနဲ့ ပြုလုပ်ထားတဲ့ ရိုက်ခတ်တီးရတဲ့ ပါကပ်ရှင်းတူရိယာ၊ လေမှုတ်တူရိယာ၊ ကြိုးတပ်တူရိယာတွေအဖြစ် ပြောင်းလဲခဲ့တဲ့ တူရိယာတွေဟာ ကမ္ဘာ့တိုက်ကြီး ၅ တိုက်က မြို့ပေါင်း ၁၅ မြို့က ဖျော်ဖြေပွဲတွေမှာ ပြသခဲ့ပြီးဖြစ်ပါတယ်။
Source: Reuters


