
အမေရိကန်ရဲ့ပိတ်ဆို့အရေးယူခံထားရပြီး ခြိမ်းခြောက်ငွေညှစ်မှုနဲ့ စွပ်စွဲခံထားတဲံ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဆီဇာဆယ်ပူလ်ဗေဒါ အာရယ်ယာနိုကို မက္ကဆီကို အာဏာပိုင်တွေက ဇန်နဝါရီလ ၂၂ ရက်က ဖမ်းဆီးခဲ့ပါတယ်။
"အလ်ဘိုတောက်ခ်စ်"လို့လည်းလူသိများတဲ့ အာရယ်ယာနိုကို အနောက်ပိုင်းပြည်နယ် မီချွာကန်ရှိ ဘွေနာဗစ်ဇ်တာနယ်မြေမှာ ဖမ်းမိခဲ့တာဖြစ်ပြီး သူဟာ လော့စ်ဘလန်းကိုး ဒယ်ထရိုးယာ ရာဇဝတ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
သူနဲ့အတူ သြဂုတ်လတုန်းက အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန (OFAC)က ဒဏ်ခတ်ထားတဲ့ လော့စ်ဗိုင်ယာဂရာဂိုဏ်းနဲ့ ဟာလစ္စ်ကိုမျိုးဆက်သစ်ဂိုဏ်း (CJNG) တို့နဲ့လည်း အချိတ်အဆက်ရှိနေတယ်လို့ ဆိုပါတယ်။
အာရယ်ယာနိုဟာ မီချွာကန်ပြည်နယ်ထဲက မြို့အများအပြားရှိ အဝါရောင် သံပုရာသီးကုန်သွယ်မှုကို ထိန်းချုပ်ထားပြီး သံပုရာသီး ထုတ်လုပ်သူ အကြီးအကဲတယောက်ကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံခဲ့ရကြောင်း မက္ကဆီကိုအစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
အဲဒီဂိုဏ်းမှာ စွမ်းရည်မြင့် လက်နက်တွေ၊ ဗုံးတွေတပ်ဆင်ထားတဲ့ ဒရုန်းတွေနဲ့ လူသတ်မိုင်းတွေနဲ့ ဆင်တူတဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို ပိုင်ဆိုင်ထားလို့ သိသိသာသာ ပစ်ခတ်နိုင်စွမ်း ရှိကြောင်းနဲ့ ဒါတွေကို ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို ဘေးကင်းအောင် အကာအကွယ်ပေးဖို့နဲ့ အာဏာပိုင်တွေ ဒါမှမဟုတ် ပြိုင်ဘက်ဆဲလ်တွေ ဝင်ရောက်ခွင့်ကို တားဆီးဖို့အတွက် အသုံးပြုတယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့ဟာ ဒရုန်းတွေကို စောင့်ကြည့်ရေးစနစ်အဖြစ် အသုံးပြုကြောင်းကိုလည်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မက္ကဆီကို အစိုးရဟာ အမေရိကန်တရားရေးဌာနရဲ့ တောင်းဆိုချက်အရ ရာဇဝတ်သား ၃၇ ယောက်ကို အမေရိကန်ကို လွှဲပြောင်းပေးမယ်လို့ ကြေညာအပြီး ၂ ရက်အကြာမှာပဲ ဒီဖမ်းဆီးမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Source: Reuters


