Home
နိုင်ငံတကာ
မက္ကဆီကိုတွင် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ ငလျင် လှုပ်ခတ်ပြီး လူ ၂ ဦး သေဆုံး
DVB
·
January 3, 2026
Photo :Reuters

မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ နှစ်သစ်ကူး အားလပ်ရက်ပြီးချိန် ဇန်နဝါရီ ၂ ရက်မနက်ပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၅ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပြီး လူ ၂ ယောက် သေဆုံးခဲ့သလို အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အဲဒီငလျင်ဟာ မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းမ်က နေ့စဉ် မနက်ခင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပြီး သတင်းထောက်တွေကို မိန့်ခွန်းပြောနေချိန်မှာပဲ လှုပ်ခတ် သွားခဲ့တာဖြစ်ပါတယ်။ 

ငလျင်လှုပ်ခတ်တာနဲ့ တပြိုင်နက် သတင်းစာရှင်းလင်းပွဲမှာ ရှိနေသူတွေကို ချက်ချင်း ထွက်ခွာစေခဲ့ရပြီး ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းခဲ့ရပါတယ်။

အမေရိကန် ဘူမိဗေဒစစ်တမ်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အဲဒီငလျင်ဟာ ဂွါရဲရိုးမြို့ ပစိဖိတ် ကမ်းရိုးတန်းအနီး မြေအောက်အနက် ၃၅ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး မက္ကဆီကိုစီးတီးနဲ့ အိမ်နီးချင်း ပြည်နယ်တွေမှာလည်း အပြင်းအထန် ခံစားခဲ့ရပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ပေါင်း ၄၂၀ ကြိမ်ထက်မနည်း ဆက်တိုက် လှုပ်ခတ်ခဲ့ပြီး အဲဒီထဲက အပြင်းထန်ဆုံး နောက်ဆက်တွဲငလျင်ကတော့ ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိတယ်လို့ မက္ကဆီကို ငလျင်ဗေဒဌာနက နေ့လယ်ပိုင်းအထိ မှတ်တမ်းတင်ထားပါတယ်။

မက္ကဆီကိုစီးတီးမှာတော့ ဒေသခံတွေက သူတို့ရဲ့ နေအိမ်တွေထဲကနေ အမြန်ထွက်ပြေးခဲ့ကြရပြီး လမ်းတွေတလျှောက် စိတ်လှုပ်ရှားနေတဲ့ ခွေးဟောင်သံတွေ ပြည့်နှက်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆေးရုံတွေမှာလည်း ကြိုတင်ကာကွယ်မှုအနေနဲ့ လူနာတွေကို အပြင်ဘက်ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းပို့ခဲ့ကြပါတယ်။

ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ မက္ကဆီကိုစီးတီးမှာ အသက် ၆၇ နှစ်အရွယ် အမျိုးသားတယောက်ဟာ သူ့ရဲ့ တိုက်ခန်းကနေ ထွက်ခွာဖို့ ကြိုးစားရင်း လှေကားကနေ ဆင်းလာချိန်မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ 

ဂွါရဲရိုးပြည်နယ်မှာတော့ အသက် ၅၀ အရွယ် အမျိုးသမီးတယောက်ဟာ သူ့အိမ် ပြိုကျလို့ သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အက်ဗလင်း ဆာလ်ဂါဒိုက ပြောပါတယ်။

နောက်ပိုင်းမှာတော့ သမ္မတ ရှိန်းဘောင်းမ်က ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ မရှိကြောင်း ပြောကြားခဲ့တယ်လို့လည်း ဂွါရဲရိုး ပြည်နယ်အုပ်ချုပ်ရေးမှူးက ထပ်မံ ပြောပါတယ်။

ဒါ့အပြင် အဝေးပြေးလမ်းမကြီးတွေမှာ မြေပြိုမှုတွေ ဖြစ်ခဲ့သလို ဓာတ်ငွေ့ယိုစိမ့်မှုတွေ၊ ဂွါရဲရိုးပြည်နယ်တဝိုက်ရှိ နေအိမ်တွေ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေ၊ ဆေးရုံတွေမှာပါ ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းပို့ထားပါတယ်။

မက္ကဆီကိုနိုင်ငံဟာ ပြတ်ရွေ့ကြော အများအပြားပေါ်မှာ တည်ရှိနေတဲ့နိုင်ငံဖြစ်တာကြောင့် ငလျင်လှုပ်ရှားမှုတွေကို မကြာခဏ ကြုံတွေ့ရတဲ့ နိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013