
မက္ကဆီကိုနိုင်ငံဟာ ၂ နိုင်ငံအကြား ရာဇဝတ်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တစိတ်တပိုင်းအဖြစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရာဇဝတ်ဂိုဏ်းဝင်လို့ စွပ်စွဲခံရသူ ၃၇ ယောက်ကို အမေရိကန်ပြည်ထောင်စုကို အစုလိုက်အပြုံလိုက် လွှဲပြောင်းပေးအပ်မှုအသစ်အဖြစ် ပို့ဆောင်ခဲ့ပါတယ်။
မက္ကဆီကို လုံခြုံရေးဝန်ကြီး အိုမာဂါစီယာဟာဖွှတ်ချ်က စွပ်စွဲခံထားရတဲ့ ရာဇဝတ်သားတွေဟာ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှု တခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒီလွှဲပြောင်းမှုနဲ့အတူ လက်ရှိအစိုးရလက်ထက်မှာ ရာဇဝတ်သား ၉၂ ယောက်ကို အမေရိကန်ကို ပို့ဆောင်ခဲ့တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တင်းမာမှုတွေကြားထဲမှာ ဒီရာဇဝတ်သားတွေကို အစုလိုက်အပြုံလိုက် လွှဲပြောင်းမှုအသစ်ကို လုပ်ဆောင်ခဲ့တာပါ။
Fox News မှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က မက္ကဆီကို နိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် အမေရိကန်က မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်က မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းမ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်တို့ဟာ ဖုန်းဆက်သွယ်ပြီး မက္ကဆီကိုအတွင်း အမေရိကန်ရဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေ မလုပ်ဖို့ကို အတည်ပြု ဆွေးနွေးခဲ့ကြပါတယ်။
အင်္ဂါနေ့မှာ ထရမ့်ပ်က သူ့အစိုးရအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကို ကုန်းလမ်းကတဆင့် ဝင်ရောက်လာနေတဲ့ မူးယစ်ဆေးဝါးတွေကို တားဆီးနှိမ်နင်းဖို့ကို မကြာမီကာလအတွင်းမှာ စတင်ဆောင်ရွက်တော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မပေးခဲ့ပါဘူး။
ရှိန်းဘောင်းမ်ရဲ့ သမ္မတသက်တမ်းအတွင်း သက်တမ်းအတွင်း မက္ကဆီကိုနိုင်ငံဟာ ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူတွေကို အမေရိကန်မှာ တရားရင်ဆိုင်ဖို့ အစုလိုက်အပြုံလိုက် လွှဲပြောင်းပေးခဲ့တာဟာ အခုအကြိမ်က ၃ ကြိမ်မြောက် ဖြစ်ပါတယ်။
ပထမအကြိမ်မှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ၂၉ ယောက်နဲ့ ဒုတိယအကြိမ်မှာ သြဂုတ်လမှာ ၂၆ ယောက် ဖြစ်ပါတယ်။


