Home
နိုင်ငံတကာ
ဂရင်းလန်းကျွန်းကို အမေရိကန် ထိန်းချုပ်ရန် ဖိအားပေးမှုအပေါ်  ဒိန်းမတ်နိုင်ငံတဝန်း ဆန္ဒပြ
DVB
·
January 19, 2026
Photo: REUTERS/Tom Little

အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဂရင်းလန်းကျွန်းကို ထိန်းချုပ်ဖို့ ဖိအားပေးမှုအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဒိန်းမတ်နိုင်ငံတဝန်းက မြို့အများအပြားမှာ ဇန်နဝါရီ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့လယ်က မြို့တော်ခန်းမရင်ပြင်မှာ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီလောက်မှာ စုဝေးခဲ့ကြပြီး ၂ ကီလိုမီတာ လောက်အကွာက အမေရိကန်သံရုံးဆီ ချီတက်ခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေထဲမှာ ဒိန်းမတ်နဲ့ ဂရင်းလန်း နှစ်နိုင်ငံလုံးက လူတွေပါဝင်ပြီး သူတို့အများစုက မြို့တွင်း ချီတက်ချိန်မှာ ဒိန်းမတ်နဲ့ ဂရင်းလန်းအလံတွေကို ကိုင်ဆောင်ထားကြပါတယ်။ 

အလားတူဆန္ဒပြပွဲတွေကို ဒိန်းမတ်နိုင်ငံ အောဟုစ်၊ အိုဒန့်စ်နဲ့ အာလ်ဘော့ဂ် မြို့တွေမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဒိန်းမတ်မီဒီယာတွေက ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖေဖော်ဝါရီ ၁ ရက်ကစပြီး ဂရင်းလန်းကျွန်းနဲ့ပတ်သက်လို့ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတို့က ကုန်ပစ္စည်းအားလုံးအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။ 

ဒီအခွန်တွေကို ဇွန် ၁ ရက်မှာ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ဂရင်းလန်းကျွန်းကို ဝယ်ဖို့ သဘောတူညီချက်ရတဲ့အထိ ဆက်ရှိနေမယ်လို့ ထရမ့်ပ်က လူမှုမီဒီယာမှာ ပြောခဲ့ပါတယ်။

ဂရင်းလန်းကျွန်းဟာ ဒိန်းမတ်နိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတခုဖြစ်ပြီး ဒိန်းမတ်အစိုးရက ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ထိန်းချုပ်ထားပါတယ်။ 

အမေရိကန်ပြည်ထောင်စုက ဂရင်းလန်း ကျွန်းပေါ်မှာ စစ်စခန်းတခု ထားထားပါတယ်။ 

ထရမ့်ပ်ဟာ သူ့ရဲ့ပထမဆုံးသမ္မတသက်တမ်းအတွင်း ကျွန်းကို ဝယ်ယူခြင်းကနေ အမေရိကန်စစ်တပ်ကို သုံးတာ အပါအဝင် ရွေးချယ်စရာအမျိုးမျိုးကို ချပြရင်း ဂရင်းလန်းကျွန်းအပေါ် သူ့ရဲ့စိတ်ဝင်စားမှုကို အကြိမ်ကြိမ်ပြသခဲ့ပါတယ်။ 

နူးခ်မြို့တော်မှာလည်း ဝန်ကြီးချုပ် ယန်းစ်-ဖရက်ဒရစ် နီလ်ဆန်ဦးဆောင်တဲ့ ဆန္ဒပြသူရာပေါင်းများစွာဟာ အမေရိကန်ကောင်စစ်ဝန်ရုံးဆီ ဦးတည်ချီတက်ရင်း အလံတွေ၊ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပြီး သူတို့ရဲ့အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013