
အမေရိကန်ပြည်ထောင်စုမှာ လူသိများတဲ့ ပါရာစီတမော (တိုင်လီနော) ဆေးကို သောက်သုံးခြင်းဟာ ဘေးကင်းတယ်လို့ ဥရောပသုတေသီအဖွဲ့တဖွဲ့က ပြောလိုက်ပါတယ်။
ပါရာစီတမောဟာ အော်တစ်ဇင်ရောဂါနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြီးခဲ့တဲ့နှစ်က စွပ်စွဲချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ အချက်အလက်တွေကို စုစည်းပြီးတဲ့နောက်မှာ ခုလို ပြောခဲ့တာပါ။
ဇန်နဝါရီ ၁၇ ရက်မှာ ဗြိတိသျှဆေးဘက်ဆိုင်ရာဂျာနယ် The Lancet Obstetrics, Gynaecology & Women’s Health ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ ပြန်လှန်သုံးသပ်ချက်တခုထဲမှာ စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ အကောင်းဆုံးအရည်အသွေးရှိတဲ့ အထောက်အထားတွေကိုစုဖို့ အာရုံစိုက်ခဲ့တယ်လို့ သုတေသီအဖွဲ့က ပြောပါတယ်။
ပါရာစီတမောဟာ ကိုယ်ဝန်ဆောင်ချိန်မှာသုံးဖို့ ဘေးကင်းပါတယ်လို့ လန်ဒန်တက္ကသိုလ်က မီးယပ်နဲ့ မိခင်သန္ဓေသားဆေးပညာဆိုင်ရာ ဦးဆောင်စာရေးသူ အဲ့စ်မာ ခါလစ်လ်က ပြောပါတယ်။
ထရမ့်ပ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဆေးမသောက်ဖို့ စက်တင်ဘာလမှာ ပြောအပြီး သူ့လူနာတွေက အက်စီတမီနိုဖန်လို့ လူသိများ၊ လူကြိုက်များတဲ့ အကိုက်အခဲပျောက်ဆေးအကြောင်း မေးမြန်းတာခံခဲ့ရတယ်လို့လည်း ပြောပါတယ်။
အဲဒီအချိန်တုန်းက နိုင်ငံတွင်းနဲ့ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာအဖွဲ့တွေက သမ္မတရဲ့ မှတ်ချက်တွေကို သက်သေအထောက်အထားခိုင်လုံမှုမရှိဘူးလို့ ပြောဆိုပြီး ရှုတ်ချခဲ့ကြပါတယ်။
ပါရာစီတမော/တိုင်လီနောဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ဘေးကင်းတယ်လို့ ယူဆရတဲ့ တခုတည်းသော အကိုက်အခဲပျောက်ဆေးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင်မှုနဲ့ ဖျားနာမှုကို ထိန်းချုပ်ဖို့ အနည်းဆုံးပမာဏကို အတိုဆုံးအချိန်အတွင်း သုံးစွဲဖို့ ဆရာဝန်တွေက အကြံပေးထားပြီးသားပါ။
ကုသမှုမခံယူရင် ဒီအခြေအနေတွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သူတို့ရဲ့ကလေးတွေ အတွက် အန္တရာယ်ရှိနိုင်ပါတယ်။
Source: Reuters


