
ဂျာမန်လယ်သမားရာပေါင်းများစွာဟာ ဇန်နဝါရီ ၁၇ ရက်က မြို့တော် ဘာလင်မှာ အစိုးရရဲ့ အစားအစာမူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဈေးနှုန်းဖိအားကြောင့် ရုန်းကန်နေရပြီး ဥရောပသမဂ္ဂနဲ့ တောင်အမေရိကအုပ်စုတို့အကြား မယ်ကိုဆူအာ ကုန်သွယ်ရေးသဘောတူညီချက်ဟာ အခြေအနေတွေကို ပိုဆိုးရွားစေလိမ့်မယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။
ဥရောပသမဂ္ဂရဲ့ ထိပ်တန်းအရာရှိတွေက ၂၅ နှစ်ကြာ ညှိနှိုင်းအပြီး ဥရောပသမဂ္ဂရဲ့ အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက်အတွက် လမ်းခင်းပေးတဲ့ မယ်ကိုဆူအာနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ စနေနေ့မှာ ပါရာဂွေးနိုင်ငံဆီ သွားကြမှာပါ။
ဂျာမန်အဓိပတိ ဖရဒ်ဒရစ်ချ်မားဇ်ရဲ့ လက်အောက်မှာ လက်ရှိဂျာမန်အစိုးရဟာ တိရစ္ဆာန်တွေရဲ့ ကောင်းကျိုးချမ်းသာနည်းပါးရေးအတွက် ရပ်တည်ပြီး “ပတ်ဝန်းကျင်၊ ရာသီဥတုနဲ့ တိရစ္ဆာန်တွေကို ကာကွယ်ဖို့ ပုံစံထုတ်ထားတဲ့ စံနှုန်း အမြောက်အမြားကို ဖယ်ရှားခဲ့ပြီး ဒါကို ဗျူရိုကရေစီ လျှော့ချခြင်းလို့ ခေါ်ခဲ့တယ်လို့ "We Are Fed Up Alliance"က ပြောရေးဆိုခွင့်ရှိသူ ယန် ဂရေဗာက ပြောပါတယ်။
ဒီသဘောတူညီချက်ဟာ ဂျာမန်အစားအစာ ထုတ်လုပ်သူတွေအပေါ် ဈေးနှုန်းဖိအားကို ပိုမြင့်မားစေမှာဖြစ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာရဲ့ နှစ်ဖက်စလုံးက လယ်သမားတွေရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘူးလို့လည်း ဂရေဗာက ဆက်ပြောပါတယ်။
ထောက်ခံသူတွေက အမေရိကန်ရဲ့ အခွန်တွေကြောင့် ဆုံးရှုံးသွားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖြည့်တင်းဖို့နဲ့ အရေးကြီးတဲ့ သတ္တုတွေကို ရယူသုံးစွဲနိုင်စေခြင်းအားဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုမှုကို လျှော့ချဖို့ သဘောတူညီချက်က မရှိမဖြစ်လိုအပ်တယ်လို့ ပြောပါတယ်။
ဥရောပလယ်သမားတချို့နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေ အပါအဝင် ဝေဖန်သူတွေက သဘောတူညီချက်တခုဟာ တောင်အမေရိကကုန်စည်တွေ အထူးသဖြင့် အမဲသားတွေကို ဈေးပေါပေါနဲ့ တင်သွင်းမှု မြင့်တက်လာစေပြီး သစ်တောပြုန်းတီးမှု ပိုများလာစေလိမ့်မယ်လို့ ပြောဆိုကန့်ကွက်ကြပါတယ်။
စနေနေ့က ဆန္ဒပြပွဲမှာ လူပေါင်း ၂,၈၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ဘာလင်ရဲတပ်ဖွဲ့က ပြောပြီး ပါဝင်ဆန္ဒပြသူအယောက် ၈,၀၀၀ လောက်ရှိတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
Source: Reuters


