
မက္ကဆီကိုနိုင်ငံ၊ ဆာလာမန်ကာမြို့က ဘောလုံးကွင်းတကွင်းမှာ ပွဲစဉ်တခုအပြီး လက်နက်ကိုင် တိုက်ခိုက်သူ အုပ်စုတစုက လူ ၁၁ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့တော်ဝန် ဆီဇာပရီယက်တိုက ဇန်နဝါရီ ၂၅ ရက်မှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။
ရည်ရွယ်ချက်ကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လူမှုရေးစုဝေးပွဲတခုအတွင်း လိုမာ ဒေ ဖလောရက်စ် အသိုက်အဝန်းမှာ ဖြစ်ခဲ့တဲ့ ဝမ်းနည်းစရာ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုအတွင်း အမျိုးသမီးတယောက်နဲ့ ကလေးတယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့တော်ဝန်က ထပ်ပြောခဲ့ပြီး ဖြစ်ရပ်ကို ပြင်းထန်တဲ့ လူမှုရေးပြိုကွဲမှုတခုအဖြစ် ဖော်ပြခဲ့ပါတယ်။
ဆာလာမန်ကာမြို့ တည်ရှိရာ ဟွမ်နာဟွာတို ပြည်နယ်ရဲ့ ရှေ့နေချုပ်ရုံးက တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စပြီး စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။
အဲဒီဒေသမှာ လုံခြုံရေးကို အားကောင်းစေဖို့၊ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ ဖြစ်နိုင်ခြေရှိတဲ့ ရာဇဝတ်သားတွေကို ရှာဖို့ မြူနီစီပယ်၊ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ရှေ့နေချုပ်ရုံးက ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ဟွမ်နာဟွာတိုပြည်နယ်ဟာ မက္ကဆီကိုနိုင်ငံမှာ အန္တရာယ်အရှိဆုံး ပြည်နယ်တွေထဲက တခုဖြစ်ပါတယ်။
Source: Reuters


