
တီမောနိုင်ငံရဲ့ ထူးခြားတဲ့ ခြေလှမ်း
တီမောလက်စ်တေဟာ လွန်ခဲ့တဲ့ ၄ လလောက်ကမှ တရားဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒီအပတ်မှာတော့ ဒီနိုင်ငံငယ်လေးက မကြုံစဖူး ထူးခြားတဲ့ ခြေလှမ်းတရပ်ကို စတင်လိုက်ပါတယ်။ အဲဒါကတော့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စစ်ဆေးဖို့အတွက် အထူးရှေ့နေတဦး ခန့်အပ်လိုက်တာပါ။ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ဒီလိုအရေးယူဆောင်ရွက်တာ ဒါပထမဆုံးပါပဲ။
ဒီအမှုဟာ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ မလျှော့တမ်း ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာတာပါ။ သူတို့ဟာ မြန်မာပြည်က ချင်းတိုင်းရင်းသားတွေအတွက် တရားမျှတမှုရဖို့ ကြိုးစားခဲ့ကြပါတယ်။ တိုင်ကြားစာ တင်တဲ့အခါမှာ ချင်းအဖွဲ့ခေါင်းဆောင်က တီမောနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို လေးစားကြောင်း ပြောခဲ့ပါတယ်။ တီမောနိုင်ငံ ကိုယ်တိုင်လည်း လွတ်လပ်ရေးအတွက် ရုန်းကန်ခဲ့ရတာမို့ မြန်မာပြည်အပေါ် ကိုယ်ချင်းစာစိတ် ရှိပါတယ်။
အခုဆိုရင် တီမောအာဏာပိုင်တွေက မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေကို တရားစွဲသင့်၊ မသင့် စိစစ်တော့မှာပါ။ ဒီလိုစွဲဆိုရာမှာ “နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်” (Universal Jurisdiction) ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီဥပဒေမူဘောင်အရ နိုင်ငံတကာရာဇဝတ်မှုတွေကို ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ပြည်တွင်းတရားရုံးတွေက စစ်ဆေးစီရင်ခွင့် ရှိပါတယ်။
နိုင်ငံတကာတရားရုံးတွေရဲ့ အားနည်းချက်
ဒီအပတ်ထဲမှာပဲ ကမ္ဘာတဝန်းက ပဋိပက္ခ ၂၃ ခုကို လေ့လာထားတဲ့ အစီရင်ခံစာတခု ထွက်လာပါတယ်။ အဲဒီမှာ အရပ်သားတွေကို ကာကွယ်ပေးတဲ့ နိုင်ငံတကာဥပဒေစနစ်က ပျက်စီးလုနီးပါး (“breaking point”) ဖြစ်နေပြီလို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ အနာဂတ်ကိုတောင် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
နိုင်ငံတကာတရားရုံးတွေက စစ်ရာဇဝတ်မှုတွေကို အရေးယူရာမှာ အားနည်းချက်တွေ ရှိနေတာ ကြာပါပြီ။ အပြည်ပြည်ဆိုင်ရာ ရာဇတ်မှုတရားရုံး (ICC) ဆိုရင်လည်း အမှုတွေကို ရွေးပြီးစစ်တယ်၊ အရမ်းနှေးကွေးတယ်၊ အာဏာသက်ရောက်မှု အားနည်းတယ်လို့ ဝေဖန်ခံနေရပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ အမှု ၃၄ မှုပဲ စစ်နိုင်ခဲ့ပြီး ၁၃ မှုပဲ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ICC ကို ထောက်ခံသူတွေကတော့ တရားရုံးဟာ မတရား ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာလို့ ဆိုပါတယ်။ ဥပမာ- မနှစ်ကဆိုရင် အမေရိကန်သမ္မတဟောင်း ထရမ့်ပ်အစိုးရလက်ထက်မှာ ICC ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေတောင် လုပ်ခဲ့ကြပါသေးတယ်။
ICJ တရားရုံးကလည်း နိုင်ငံကိုပဲ အရေးယူနိုင်ပြီး လူပုဂ္ဂိုလ်တဦးချင်းကို အရေးယူလို့မရပါဘူး။ လက်ရှိ ICC နဲ့ ICJ မှာ စစ်ဆေးနေတဲ့ အမှုတွေကလည်း အာဏာသိမ်းပြီးနောက်ပိုင်းကိစ္စတွေ မဟုတ်ပါဘူး။ အာဏာမသိမ်းခင် ရိုဟင်ဂျာအရေးကိစ္စတွေကိုသာ စစ်ဆေးနေတာပါ။ ICC အမှုဆိုရင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ဖြစ်ခဲ့တာတွေကိုပဲ အဓိကထား စစ်ဆေးနေတာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်က လျှောက်ထားတာ ၂၀၂၄ နိုဝင်ဘာလကတည်းကပါ။ တနှစ်ကျော်ကြာပြီဖြစ်ပေမဲ့ အခုထိ ဆုံးဖြတ်ချက် မချရသေးပါဘူး။
ပြည်တွင်းတရားရုံးတွေရဲ့ အခန်းကဏ္ဍ
ဒီလိုအခြေအနေမျိုးမှာ “နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်” က အရေးပါလာပါတယ်။ ကုလသမဂ္ဂကလည်း ဒါကို သဘောပေါက်ပါတယ်။ ဒါကြောင့် ဆီးရီးယားနဲ့ မြန်မာအတွက် စုံစမ်းစစ်ဆေးရေးယန္တရားတွေ ဖွဲ့စည်းပြီး အထောက်အထားတွေ စုဆောင်းပေးနေတာပါ။ ဒီအထောက်အထားတွေကို နောင်တချိန် ပြည်တွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာတရားရုံးတွေမှာ သုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။
နိုင်ငံတော်တော်များများမှာ ညှဉ်းပန်းနှိပ်စက်မှု၊ ဂျီနိုဆိုက်အမှုတွေကို တရားစွဲဖို့ ဥပဒေတွေ ရှိကြပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်ဖို့ကျတော့ ငွေကြေးနဲ့ နည်းစနစ် အခက်အခဲတွေ ရှိနေပြန်ပါတယ်။ ဘယ်လိုစံနှုန်းတွေနဲ့ စစ်ဆေးမလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အမှုစဖွင့်ပြီဆိုရင်လည်း အခက်အခဲတွေ အများကြီးရှိပါတယ်။ ပြည်တွင်းတရားရုံးတွေရဲ့ လက်တံက သိပ်မရှည်ပါဘူး။ စစ်ခေါင်းဆောင်တွေမှာ သံတမန်ကင်းလွတ်ခွင့် ရှိနေလို့ ဖမ်းဆီးဖို့ ခက်ခဲပါတယ်။ သူတို့က အဖမ်းခံရနိုင်မယ့် နိုင်ငံတွေကို ရှောင်သွားကြမှာပါ။
အောက်ခြေအဆင့် ကျူးလွန်သူတွေကို အရေးယူဖို့ကလည်း နိုင်ငံရေးအရ ရှုပ်ထွေးနိုင်ပါတယ်။ သက်သေတွေနဲ့ အထောက်အထားတွေက ပြည်ပမှာ ရောက်နေတာမို့ စစ်ဆေးရတာ စရိတ်စက ကြီးမြင့်ပြီး လက်တွေ့မှာ ခက်ခဲနိုင်ပါတယ်။ နောက်ပြီး ဒီလိုရာဇဝတ်မှုတွေက အတိုင်းအတာကြီးမားပြီး ရှုပ်ထွေးလွန်းပါတယ်။ အတွေ့အကြုံမရှိတဲ့ ပြည်တွင်းတရားရုံးတွေအတွက်တော့ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်လာနိုင်ပါတယ်။
တရားစွဲဆိုမှုတွေ လုပ်နိုင်ရင်တောင်မှ နစ်နာသူတွေအတွက် တရားမျှတမှု အပြည့်အဝရဖို့ ခက်ခဲနေဦးမှာပါ။ ဒါပေမဲ့ ဒီလိုလုပ်တာက မဟာဗျူဟာအရရော၊ သင်္ကေတသဘောအရပါ အရေးပါပါတယ်။ ဒါပေမဲ့ အောင်မြင်မှုတချို့တော့ ရှိခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ချဒ်သမ္မတဟောင်း Hissène Habré ကို ဆီနီဂေါနိုင်ငံမှာ ဒီဥပဒေနဲ့ပဲ ထောင်ချနိုင်ခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တွန်းအားကြောင့် ဖြစ်လာခဲ့တာပါ။
နိုင်ငံကြီးတွေ ပါဝင်ဖို့လိုပြီ
အခု တီမောလက်စ်တေရဲ့ ခြေလှမ်းမတိုင်ခင်မှာ မြန်မာ့အရေးလှုပ်ရှားသူတွေဟာ တခြားနိုင်ငံတွေမှာလည်း ကြိုးပမ်းခဲ့ကြပါသေးတယ်။ အာဂျင်တီးနားမှာ ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့အထိ ကြိုးစားခဲ့ကြပါတယ်။ တူရကီနဲ့ ဂျာမနီနိုင်ငံတွေမှာလည်း အလားတူ ကြိုးပမ်းခဲ့ကြပါတယ်။ ကျနော်တို့ အာရှ-ပစိဖိတ်ဒေသတွင်းမှာ ဆိုရင် ရှေ့နေတွေက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာပါ တရားစွဲဖို့ ကြိုးစားခဲ့ဖူးပါတယ်။
ဥရောပနိုင်ငံတွေ ဒီဥပဒေကို ပိုသုံးလာကြပေမဲ့ တခြားနိုင်ငံတွေကတော့ သိပ်စိတ်မဝင်စားကြပါဘူး။ ဥပမာ- ကနေဒါနဲ့ ဩစတြေးလျလို နိုင်ငံကြီးတွေမှာ ဥပဒေတွေရှိပေမဲ့ လက်တွေ့ စုံစမ်းစစ်ဆေးမှုတွေ သိပ်မလုပ်ကြဘူးလို့ ဝေဖန်ခံနေရပါတယ်။ ဒီလိုနဲ့ပဲ အရင်းအမြစ်နည်းပါးတဲ့ တရားရုံးငယ်လေးတွေကပဲ ဒီဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရမလို ဖြစ်နေပါတယ်။
ကမ္ဘာတဝန်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ဖြစ်နေပါတယ်။ ဒါကြောင့် အစိုးရတွေအနေနဲ့ နိုင်ငံတကာ တရားမျှတမှုအတွက် စကားလုံးသက်သက် မဟုတ်ဘဲ မိမိတို့နိုင်ငံထဲမှာ လက်တွေ့စုံ စမ်းစစ်ဆေးပြီး ပါဝင်ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။
အမ်မာပယ်လ်မာ (Griffith University)
Ref: The conversation


