
အာဏာသိမ်း စစ်တပ်ရဲ့ ဘဏ္ဍာရေး၊ စစ်ရေးနဲ့ နိုင်ငံရေးတွေကို ထိခိုက်စေမဲ့ BRAVE Burma Act ဥပဒေမူကြမ်းဟာ အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီး အထက်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ကာ မကြာခင်အချိန်မှာ အသက်ဝင်လာနိုင်တော့မယ်လို့ သိရပါတယ်။
စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပိုမိုတင်းကျပ်စေဖို့ ရည်ရွယ်ထားတဲ့ BRAVE Burma Act (Bringing Real Accountability Via Enforcement in Burma Act) ကို အမေရိကန် အောက်လွှတ်တော်ကနေ အတည်ပြုလိုက်ပြီးနောက် အထက်လွှတ်တော်မှာ ဆက်လက် ဆွေးနွေးနေပြီး သမ္မတရဲ့ အတည်ပြုချက်နဲ့အတူ အသက်ဝင်လာတော့မှာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဘဏ္ဍာရေး၊ စစ်ရေးနဲ့ နိုင်ငံရေးတွေကို ထိခိုက်စေမှာဖြစ်ပြီး စစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံခြားကုမ္ပဏီတွေကိုပါ တပါတည်း ပိတ်ဆို့ဒဏ်ခတ်နိုင်မှာလည်း ဖြစ်ပါတယ်။
ဒီဥပဒေဟာ မြန်မြန်ဆန်ဆန်ပဲ အသက်ဝင်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ၈၈ မျိုးဆက် ဦးဇော်ဝင်းက DVB ကို ပြောပါတယ်။
“စနစ်တကျ ဆီးနိတ်မှာ pass ဖြစ်သွားနိုင်တယ်။ အောက်လွှတ်တော်မှာ အတည်ပြုပြီး ဘယ်လောက်ထိ မြန်လဲဆိုရင် ၉ ရက်နေ့က အောက်လွှတ်တော်မှာ အတည်ပြုပြီး ၂၀၂၆ ဖေဖော်ဝါရီ ၁၁ ရက်မှာ အထက်လွှတ်တော် ဆီးနိတ်ကို ရောက်သွားပြီ။ အခု အဲဒီ ဆီးနိတ်မှာ နိုင်ငံခြားရေးကော်မတီမှာ ဆက်လက်စစ်ဆေးနေတယ် ဆိုပေမဲ့ အမြန်ဆုံး ဆုံးဖြတ်ချက်ချမယ်လို့ ကျနော်မြင်ပါတယ်။ ပြီးရင် သမ္မတက လက်မှတ်ထိုးပြီး အတည်ပြုရင် တိတိကျကျ မြန်မြန်ဆန်ဆန်လုပ်ဖို့ တွန်းအားပေးထားတာ တွေ့ရတယ်။ နောက် လူထုကိုမထိအောင်နဲ့ အထူးသဖြင့် စစ်တပ်က လူထုကို မတရား လေကြောင်းနဲ့ တိုက်ခိုက်နေမှုကို တားမယ်၊ နောက် အောက်ခြေပြည်သူလူထုဆီကို ငွေရေးကြေးရေး သန်း ၁၀၀ ရောက်သွားဖို့လည်း သူတို့လုပ်နေတယ်။ အတိုချုပ်ဆို ဒီဥပဒေဟာ စစ်ကော်မရှင်ကို ချက်ချင်း မပြိုလဲနိုင်သော်လည်း လေတပ်စွမ်းအင်နဲ့ နိုင်ငံခြားငွေလမ်းကြောင်းတွေကို တဖြည်းဖြည်း လျှော့ချဖို့ ရည်ရွယ်ထားတယ်။ Long Term Strategic Containment Policy (ရေရှည် မဟာဗျူဟာ ထိန်းသိမ်းရေး မူဝါဒ) ဖြစ်တယ်လို့ ကျနော် သုံးသပ်ပါတယ်။”
ဒီဥပဒေထဲမှာ လေယာဉ်ဆီနဲ့ပတ်သက်ပြီး စစ်တပ်ရဲ့ Jet fuel ကို ဖြတ်တောက်ဖို့ အဓိက ရည်ရွယ်ပြီး မြန်မာပြည်အတွက် အထူးကိုယ်စားလှယ် သီးသန့်ခန့်ဖို့ ကိစ္စနဲ့ တော်လှန်ရေး ဦးဆောင်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးသွားဖို့ စတာတွေ ပါဝင်ပါတယ်။
အမေရိကန်အနေနဲ့ ဒီဥပဒေကို အသက်သွင်းနေစဉ်ကာလမှာပဲ စစ်တပ်ရဲ့ အဓိက ဝင်ငွေရလမ်းကြောင်းဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ဖို့ကိုလည်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က တိုက်တွန်းပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ တာဝန်ရှိသူက “ဒီဥပဒေသာ အတည်ဖြစ်ပြီး ဥပဒေအနေနဲ့ အသက်ဝင်ပြီး ကျင့်သုံးပြီဆိုရင်တော့ စစ်အုပ်စုအတွက် နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေးအရ ကြီးကြီးမားမား ဖိအားဖြစ်လာမှာပါ။ အကြမ်းဖက် စစ်အုပ်စု အနေနဲ့ တရုတ်နဲ့ ရုရှား မကလို့ ဘယ်သူနဲ့ပဲ ချဉ်းကပ် ချဉ်းကပ် ငွေလိုပါတယ်၊ ဒေါ်လာလိုပါတယ်၊ ငွေကြေး ဘဏ္ဍာရေးကဏ္ဍကို ထိရောက်ဆုံး ပိတ်ဆို့နိုင်ဖို့ အရေးကြီးဆုံးပါပဲ။ MOGE လုပ်ငန်း လည်ပတ်နိုင်ဖို့ ဝန်ဆောင်မှု လုပ်ငန်း လည်ပတ်ရေး နည်းပညာ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၂၂ ခုမှာ အမေရိကန်က ၇ ခုလောက် ပါဝင်နေတယ်။ ဆိုတော့ အခု ဥပဒေမူကြမ်းတွေကို အတည်ပြုတဲ့အဆင့်ထိ သွားနေတဲ့အချိန်မှာ အမေရိကန်အနေနဲ့ MOGE ကို အပြည့်အဝ ဒဏ်ခတ်ပိတ်ဆို့လိုက်မှ အကြမ်းဖက်စစ်အုပ်စု အနေနဲ့ လက်နက်ဝယ်နေတဲ့ ငွေကြေးရရှိနေတာတွေ အတားအဆီးဖြစ်သွားမှာပါ။ ဒီဥပဒေကြမ်းက ဥပဒေအဖြစ် အမှန်တကယ်သာ အသက်ဝင်ပြီး အလုပ်ဖြစ်ခဲ့ရင်တော့ တော်လှန်ရေးအတွက်လည်း တစုံတရာထက်ပိုတဲ့ အများကြီး ကောင်းကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
MOGE ကို ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေထဲ Baker Hughes ၊ Halliburton နဲ့ Schlumberger လိုမျိုး အမေရိကန် ကုမ္ပဏီကြီးတွေလည်း ပါနေတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ဆိုပါတယ်။
စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းတွေ အပါအဝင် လေယာဉ်ဆီ ရရှိရေးကို ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ ရည်ရွယ်တဲ့ Brave Burma Act ၊ မြန်မာ GAP ဥပဒေကြမ်းနဲ့ မြန်မာ ဘဏ္ဍာရန်ပုံငွေ အသစ်မရနိုင်ရေး ဥပဒေကြမ်း စတဲ့ ဥပဒေမူကြမ်း ၃ခုကို အမေရိကန်လွှတ်တော်ရဲ့ ကော်မတီက ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အခု Brave Burma Act ကတော့ ၆ လအကြာမှာ အမေရိကန်အောက်လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့အတူ သမ္မတ အတည်ပြုချက် ရတဲ့အထိ ဆက်လက်ပုံဖော်နေတာ ဖြစ်ပါတယ်။
ဝေဝေ


