
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို အာဏာရ အလုပ်သမားပါတီရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် “ကိုယ်စားလှယ်အားလုံးရဲ့ တခဲနက်ဆန္ဒ” နဲ့ ပြန်လည်ရွေးကောက် တင်မြှောက်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
၅ နှစ်တကြိမ် ကျင်းပတဲ့ ပါတီညီလာခံရဲ့ ၄ ရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ အခုလို ဆုံးဖြတ်ခဲ့ကြတာပါ။
ကင်မ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ “နျူကလီးယားတပ်ဖွဲ့ကို မဏ္ဍိုင်အဖြစ်ထားရှိတဲ့” စစ်ရေးအရံအတားဟာ သိသိသာသာ တိုးတက်လာခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ ကွန်မြူနစ်နိုင်ငံ ဆိုပေမဲ့ အဘိုးဖြစ်သူ ကင်မ်အီဆွန်း လက်ထက်ကစပြီး မင်းဆက်သဖွယ် သားစဉ်မြေးဆက် အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ကင်မ်ရဲ့ သမီးဖြစ်သူ ကင်မ်ဂျူအယ်ကို ဆက်ခံသူအဖြစ် ရွေးချယ်ထားတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးသတင်းတွေမှာ ဖော်ပြပါတယ်။
ညီလာခံဖွင့်ပွဲမှာတော့ ကင်မ်က စီးပွားရေးနဲ့ ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရေးဟာ “ကြီးလေးပြီး အရေးတကြီး လုပ်ဆောင်ရမဲ့ သမိုင်းပေးတာဝန်” ဖြစ်တယ်လို့ ပြောပါတယ်။
အလုပ်သမားပါတီရဲ့ ၉ ကြိမ်မြောက် ညီလာခံမှာ ပါတီဝင် ၅,၀၀၀ တက်ရောက်ခဲ့ပါတယ်။
Source: Reuters


