
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဒီလအတွင်းကျင်းပမဲ့ အာဏာရ အလုပ်သမားပါတီရဲ့ ၉ ကြိမ်မြောက် ကွန်ဂရက်ညီလာခံမှာ စစ်ရေးနဲ့ ဆောက်လုပ်ရေးဆိုင်ရာ ရည်မှန်းချက်အသစ်တွေကို ချမှတ်သွားမယ်လို့ ပြောကြားခဲ့ကြောင်း KRT နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းက ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောပါတယ်။
ကင်မ်ဂျုံအန်းဟာ ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး အဲဒီအခမ်းအနားမှာ မြောက်ကိုရီးယား လက်နက်စက်ရုံ လုပ်သားတွေက အာဏာရ အလုပ်သမားပါတီရဲ့ ၉ ကြိမ်မြောက် ကွန်ဂရက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၆၀၀ မမ အရွယ်အစားရှိပြီး အများအပြား ပစ်လွှတ်နိုင်တဲ့ ဒုံးပျံလောင်ချာ အစင်း ၅၀ ကို လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ် ကျင်းပတာလို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
အဲဒီဒုံးပျံလောင်ချာတွေဟာ တိကျမှုနဲ့ စွမ်းအားပိုင်းမှာ မြေပြင်မှမြေပြင်ပစ် တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ကွာခြားမှုမရှိသလောက်ပဲလို့ ကင်မ်ဂျုံအန်းက ပြောဆိုခဲ့ပြီး အဲဒီလက်နက်တွေမှာ AI နည်းပညာနဲ့ ပေါင်းစပ်လမ်းညွှန်စနစ်တွေ ပါဝင်တာကြောင့် အထူးတိုက်ခိုက်မှုတွေနဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အထူးသင့်လျော်တယ်လို့လည်း ပြောသွားကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ထုတ်ပြန်ပါတယ်။
အခုလအတွင်း ကျင်းပမဲ့ ၉ ကြိမ်မြောက် ပါတီကွန်ဂရက်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး နိုင်ငံရေးအစည်းအဝေးကြီးဖြစ်ပြီး အရင်ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်တာ၊ မူဝါဒအသစ်တွေ ချမှတ်တာနဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေကိုပါ ပြုလုပ်နိုင်တဲ့ ပွဲဖြစ်တာကြောင့် ကင်မ်ဂျုံအန်း အနေနဲ့ ကွန်ဂရက် မတိုင်ခင်ကတည်းက စီမံကိန်းအမျိုးမျိုးရဲ့ တိုးတက်မှုတွေကို အထူးလှုံ့ဆော်ပြောကြားနေတာ ဖြစ်ပါတယ်။
Source: Reuters


