
ဆော်ဒီနိုင်ငံမှာ ပျော်ရွှင်နေပြီး အသင်းမှာ ဆက်လက်ကစားသွားချင်တယ်လို့ တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းရဲ့ လူအင်အားဖြည့်တင်းမှုတွေအပေါ် အားရကျေနပ်မှုမရှိတာကြောင့် ပွဲစဉ် ၃ ပွဲအထိ ပါဝင်ကစားခြင်းမရှိဘဲ ဆန္ဒပြတောင်းဆိုခဲ့တာပါ။
ဆော်ဒီလိဂ်မှာ ဆက်ကစားဖို့ မရှိတော့ဘူးဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ အဲဒီသတင်းတွေကို ငြင်းဆန်ပြီး အသင်းမှာ ဆက်ရှိချင်ကြောင်း ထုတ်ဖော်ပြောသွားခဲ့တာပါ။
ဆော်ဒီနိုင်ငံက မိမိနဲ့ မိသားစုအပေါ် အလွန်နွေးထွေး ပျူငှာမူရှိတဲ့နိုင်ငံ ဖြစ်တာကြောင့် ဆော်ဒီလိဂ်မှာ ကစားရတာကို ပျော်ရွှင်မိပြီး အနာဂတ်မှာလည်း ဆက်ရှိချင်ကြောင်း စီရော်နယ်ဒိုက ပြောပါတယ်။
အရေးကြီးဆုံးအချက်က အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဆက်လက်ရပ်တည်နိုင်ဖို့ဖြစ်ပြီး ပြိုင်ဘက်အသင်းကို ဆက်လက်ဖိအားပေးနိုင်ဖို့လိုကြောင်း စီရော်နယ်ဒိုက ပြောပါတယ်။
အယ်လ်နာဆာအသင်းဟာ လိဂ်ပွဲစဉ် ၂၂ မှာ နိုင်ပွဲရခဲ့ပြီး အယ်လ်ဟီလာအသင်းက သရေကျခဲ့တာကြောင့် လက်ကျန်လိဂ်ပွဲစဉ် ၁၂ ပွဲအလိုမှာ အယ်လ်ဟီလာထက် တမှတ်အသာနဲ့ အဆင့်တစ်နေရာမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။


