
ဒီနှစ် ပရီးမီးယားလိဂ် ဂိုးအသွင်းအများဆုံး ကစားသမားဆု (ရွှေဖိနပ်ဆု) ပြိုင်ဆိုင်မှုမှာ မန်စီးတီး ကစားသမား အာလင်းဟာလန်းက စုစုပေါင်းဂိုး ၂၂ ဂိုးနဲ့ ရှေ့ဆုံးကနေ ပြေးနေပါတယ်။
ဘရန့်ဖို့ဒ် ကစားသမား အီဂေါသီယာဂိုက ၁၇ ဂိုးနဲ့ ဒုတိယနေရာ၊ မန်စီးတီး ကစားသမား ဆီမန်ညို က ၁၃ ဂိုးနဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်နေကြပါတယ်။
ဟာလန်းက ၂၀၂၂-၂၀၂၃ ရာသီနဲ့ ၂၀၂၃-၂၀၂၄ ရာသီတို့မှာ ၂ ကြိမ်ဆက်တိုက်ရထားကာ တကယ်လို့ အခု ၂၀၂၅-၂၆ ရာသီမှာ သူသာ ထပ်ရခဲ့ရင် ၃ ကြိမ်မြောက် ဖြစ်လာမှာဖြစ်ပြီး အွန်နရီနဲ့ ဆာလာတို့ရဲ့ စံချိန်ကို လိုက်မီဖို့ တကြိမ်ပဲ လိုတော့မှာပါ။
ပရီးမီးယားလိဂ်ဟာ ရွှေဖိနပ်ဆုကို ၁၉၉၂-၁၉၉၃ ရာသီကနေ စတင်ချီးမြှင့်ခဲ့ရာ ပထမဆုံးရရှိခဲ့သူက တက်ဒီရှရင်ဂမ် ဖြစ်ပြီး အွန်နရီနဲ့ ဆာလာတို့က ၄ ကြိမ်စီနဲ့ ရွှေဖိနပ်ဆု အများဆုံး စံချိန်တင်ထားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဟာ ဂိုးအရေအတွက်တူပါက ပူးတွဲရွှေဖိနပ်ဆု ချီးမြင့်လေ့ရှိပြီး ၁၉၉၇-၁၉၉၈ မှာ ဒိုင်ယွန်ဒပ်ဘလင်၊ မိုက်ကယ်အိုဝင်နဲ့ ခရစ်ဆပ်တန်တို့ ၃ ယောက်ပူးတွဲ၊ ၁၉၉၈-၉၉ ရာသီမှာလည်း မိုက်ကယ်အိုဝင်၊ ဟပ်ဆဲဘိန့်နဲ့ ဒွိုက်ယော့ခ်တို့ ၃ ယောက်ပူးတွဲ၊ ၂၀၁၈-၁၉ မှာ မိုဟာမက်ဆာလာ၊ မာနေးနဲ့ အူဘာမီယန်းတို့က ၂၂ ဂိုးစီနဲ့ ၃ ယောက် ပူးတွဲနဲ့ ၂၀၂၁-၂၂ မှာ မိုဟာမက်ဆာလာနဲ့ ဆွန်ဟောင်မင်တို့က ၂၃ ဂိုးစီနဲ့ ၂ ယောက် ပူးတွဲရခဲ့ဖူးကြပါတယ်။


