
မြောက်လန်ဒန် ဒါဘီပွဲစဥ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ပွဲစဉ်မှာ ဧည့်သည် အာဆင်နယ်အသင်းက စပါးကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။
ပထမပိုင်းမှာ အာဆင်နယ်အတွက် အက်ဇေးက ဦးဆောင်ဂိုး သွင်းယူခဲ့တာကို စပါးကစားသမား ကိုလိုမူအာနီက မိနစ်ပိုင်းအတွင်းပဲ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲပြန်စပြီး မကြာမီမှာတော့ အာဆင်နယ်တိုက်စစ်မှူး ယော့ကရက်စ်က ဦးဆောင်ဂိုး ပြန်သွင်းခဲ့ပြီး အာဆင်နယ်တို့ ပွဲကို စိုးမိုးနိုင်ခဲ့ကာ အက်ဇေးနဲ့ ယောကရက်စ်တို့ တဂိုးစီ ထပ်သွင်းယူနိုင်ခဲ့ကာ ပွဲကို ၁ ဂိုး ၄ ဂိုးရလဒ်နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးကို တပွဲအသာနဲ့ ၅ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်ဇယားထိပ်မှာ ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ လာမဲ့တပတ်မှာ ချဲလ်ဆီးနဲ့ အိမ်ကွင်းမှာ ပွဲကျပ်ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီးက လိဒ်ယူနိုက်တက်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။


