
ပရီးမီယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေချိန်မှာ ဖိအားဒဏ်မခံနိုင်ပါက အသင်းကနေ ထွက်ခွာဖို့သာရှိကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံး ၇ ပွဲမှာ ၂ ပွဲပဲ အနိုင်ရရှိထားပါတယ်။ ပြီးခဲ့တဲ့ ဝုဗ်နဲ့ သရေကျတဲ့ ပွဲစဥ်အပြီးမှာလည်း ဝေဖန်မှုတွေ များစွာခံခဲ့ရပါတယ်။
မနေ့ညက အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးဟာ နယူးကာဆယ်ကို ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဇယားထိပ်က အာဆင်နယ်နဲ့ အမှတ်ကွာဟမှုက ၂ အမှတ်သာရှိတော့ပါတယ်။
အာဆင်နယ်ဟာ ဒီညမှာ စပါးအသင်းနဲ့ ကစားရမဲ့ မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင်မှာ ကစားသမားတွေအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲလို့ အမေးခံရတဲ့အခါ အာတေတာက “ဒီလိုဝေဖန်သံတွေ ဖိအားတွေကြားမှာ မရှိချင်ဘူးဆိုရင်တော့ တခြားအသင်းသာ ပြောင်းပါလို့ပြောရမှာပဲ” လို့ဖြေကြားသွားပါတယ်။
ချန်ပီယံဆုအတွက် နှစ်ပေါင်းများစွာ ကြိုးစားနေချိန်မှာ ဝေဖန်ချင်ကြတဲ့ လူတွေများတာက သဘာဝဖြစ်ကြောင်း၊ မိမိတို့ဘက်က မှန်ကန်တဲ့ နည်းလမ်းရှာဖွေပြီး ရယူနိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။


