
အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ အောက်ဆုံးက ဝုဗ်အသင်းတို့ ဒီနေ့မနက်အစောပိုင်းက ကစားခဲ့ရာမှာ တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။
ပွဲအစ ၅ မိနစ်မှာ ဒီကလန်ရိုက်စ်ရဲ့ ဖြတ်တင်ဘောကို ဆာကာက ခေါင်းတိုက်ပြီး အာဆင်နယ်အတွက် အဖွင့်ဂိုး စောစောစီးစီး ရယူခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် အာဆင်နယ်က ဖိကစားခဲ့ပေမဲ့ ဂိုးထပ်မရဘဲ ပထမပိုင်းမှာ အာဆင်နယ်တို့ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်နေခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာလည်း အာဆင်နယ် ဘယ်တောင်ပံခံစစ်သမား ပီရဲရိုဟင်ကာပီယယ် က ၆ ကိုက်စည်းထဲမှာ အနီးကပ် ကန်သွင်းပြီး ဒုတိယဂိုး ရခဲ့ပါတယ်။
ဒါပေမဲ့ ၅ မိနစ်အကြာမှာတော့ ဝုဗ်အသင်း ဘယ်တောင်ပံကစားသမား ဟူဂိုဘျူနိုက အဝေးကနေ ကန်သွင်းပြီး ဝုဗ်အတွက် ချေပဂိုးတဂိုး ရယူခဲ့ပါတယ်။
အဲဒီနောက် ပွဲကစားချိန် ပြီးလို့ နာကျင်အချိန်ပို ၉၄ မိနစ်မှာတော့ အာဆင်နယ်မှ ရီကာဒို ကာလာဖီအိုရီက ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့တဲ့အတွက် ပွဲအပြီးမှာ တဖက် ၂ ဂိုးစီနဲ့ သရေကျသွားခဲ့တာပါ။
ဒီသရေပွဲအပြီးမှာတော့ အာဆင်နယ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းကို တပွဲပိုကစားထားပြီး ၅ မှတ်အကွာနဲ့ ဇယားထိပ်မှာ ဆက်ရှိနေပါသေးတယ်။


