
ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ နယူးကာဆယ် FA ဖလားပွဲစဉ်မှာ ဆုံးဖြတ်ချက်အမှား ကျူးလွန်ခဲ့ကြတဲ့ ဒိုင် ၂ ယောက်ကို အက်ဖ်အေက ပရီးမီးယားလိဂ်ပွဲစဉ်တွေ တာဝန်ယူခွင့် ပိတ်ပင်ခဲ့ပါတယ်။
ကာဆယ်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ အဲဒီပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီး ခရစ်စ်ကာဗာနာနဲ့ လက်ထောက်ဒိုင်လူကြီး နစ်ခ်ဂရင်းဟာချ် တို့ဟာ ဆုံးဖြတ်ချက် ၃-၄ ကြိမ်ထက်မနည်း အမှားအယွင်း ရှိခဲ့တာပါ။
ဗီလာပါ့ခ်မှာ ကစားခဲ့ကြတဲ့ အဲဒီပွဲစဉ်မှာ VAR ဒိုင် အသုံးပြုတာ မရှိခဲ့ဘဲ ပွဲချိန် ၁၄ မိနစ်မှာ ဗီလာအသင်းအတွက် အေဗရာဟမ် သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးဟာ သိသိသာသာ လူကျွံနေခဲ့ပေမဲ့ ခွင့်ပြုပေးခဲ့သလို ဗီလာနောက်ခံလူ လူးကပ်စ် ဒင်းန်ရဲ့ ဂျပ်ကော့မာဖီအပေါ် အမြင့်ဘော ဖျက်ထုတ်မှုမှာလည်း အနီကတ်မပြဘဲ အဝါကတ်သာ ပြသခဲ့တာပါ။
အဆိုးရွာဆုံး အမှားတခုအဖြစ် လူးကပ်စ်ဒင်းန်က ဂိုးဧရိယာအတွင်း ၃ ကိုက်အကွာမှာ လက်ထိဘော ကျူးလွန်ခဲ့ပေမဲ့ ကာဗာနာနဲ့ လက်ထောက်ဒိုင်ဖြစ်သူ ဂရင်းဟာချ်တို့ဟာ ပင်နယ်တီပေးအပ်ခြင်း မပြုခဲ့ဘဲ ဧရိယာအပြင်ဘက် ပြစ်ဒဏ်ဘောသာ ပေးအပ်ခဲ့ပါတယ်။
ဆုံးဖြတ်ချက် မှားယွင်းခဲ့တဲ့ ဒိုင်တွေနဲ့ ပတ်သက်လို့ မြင်ခဲ့ဖူးသမျှ အဆုံးရွားဆုံးဖြစ်ကြောင်း ဝိန်းရွန်နီနဲ့ အလန်ရှီးယားတို့ကလည်း ဝေဖန် ပြစ်တင်ခဲ့ပါတယ်။


