
ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် ဘရန်းဖို့ဒ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ဒီနေ့မနက် အစောပိုင်းမှာ ကစားခဲ့ရာမှာ တဖက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။
အဝေးကွင်းမှာ အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို ထိန်းချုပ်ပြီး ကစားခဲ့ပေမဲ့ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်း ၆၁ မိနစ်မှာတော့ မာဒူကေးက ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူပြီး အာဆင်နယ်အတွက် ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။
အဲဒီနောက် ချက်ချင်းဆိုသလို ဘရန်းဖို့ဒ်အသင်းက ပြန်ပြီး တိုက်စစ်ဆင်ကစားကာ ဂိုးပေါက်ကန်သွင်းတာတွေ လုပ်ခဲ့ပေမဲ့ အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာ ကာကွယ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၇၁ မိနစ်မှာတော့ ဘရန်းဖို့အသင်းကစားသမား လူးဝစ်ပေါ်တာက ခေါင်းတိုက်ပြီး ချေပဂိုးရယူခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန်နှောင်းပိုင်းမှာလည်း ဘရန်းဖို့ဒ်အသင်းက ဂိုးရဖို့ နီးစပ်တဲ့ ဂိုးကန်သွင်းတာတွေ လုပ်ခဲ့ပေမဲ့ ဂိုးပေါက်လွဲချော်တာနဲ့ အာဆင်နယ်ဂိုးသမား လက်စွမ်းပြတာတွေကြောင့် ဂိုးမရခဲ့ဘဲ တဖက်တဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့တာပါ။
ဒီပွဲသရေကျတဲ့အတွက် ပရိးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးနဲ့ အမှတ်ကွာဟမှု ကျဉ်းမြောင်းလာပြီး ၄ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။


