
အာဆင်နယ်အသင်းမှာ ကမ္ဘာ့အဆင့်ကစားသမား တယောက်မှမရှိကြောင်း အင်္ဂလန်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက မှတ်ချက်ပေးသွားပါတယ်။
နောက်ခံလူဟောင်း ကာရေဂါနဲ့အတူ တင်ဆက်ခဲ့တဲ့ ပေါ့စ်ကတ် အစီအစဉ်တခုမှာ အာဆင်နယ်အသင်းရဲ့ အခြေအနေအပေါ် ရွန်နီက မှတ်ချက်ပေးခဲ့တာပါ။
အာဆင်နယ်မှာ အရာအားလုံးကို ပြောင်းလဲနိုင်တဲ့ စူပါစတား ကစားသမား ဒါမှမဟုတ် ကမ္ဘာ့အဆင့် ကစားသမား တယောက်မှမရှိကြောင်း၊ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ စူပါစတား ကစားသမားတွေ မရှိဘဲ ဘယ်လိုအနိုင်ရလဒ်ရယူရမလဲ ဆိုတာကို သိတဲ့အသင်းအဖြစ် ပြသနိုင်ခဲ့ကြောင်း ရွန်နီက ပြောပါတယ်။
အာဆင်နယ်အသင်းကို ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေက ပြန်လည်ဆွဲချနေပြီး အသင်းရဲ့ ကစားသမားတွေအပေါ် အလွန်မြှောက်ပင့်ပြောမနေဘဲ တိတ်တိတ်ဆိတ်ဆိတ် နေသင့်ကြောင်း ရွန်နီက ပြောပါတယ်။
ကာရေဂါကလည်း ရွန်နီရဲ့ မှတ်ချက်ကို သဘောတူခဲ့ပြီး အာဆင်နယ်မှာ ယူနိုက်တက်က ဝိန်းရွန်နီ၊ စီရော်နယ်ဒို၊ လီဗာပူးက မိုဆာလာတို့လို ကစားသမားတွေ မရှိကြောင်းနဲ့ ဒီအချက်က ချန်ပီယံဆုကို တားဆီးစေနိုင်ကြောင်း ပြောသွားပါတယ်။


