
မန်စီးတီးအသင်းဟာ ချန်ပီယံဆုဆီ အရောက်လှမ်းလာနေပြီ ဖြစ်တယ်လို့ အာဆင်နယ် အသင်းအပေါ် မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ရိုင်ဒါစ်က သတိပေးလိုက်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၂၆ မှာ ဘရန့်ဖို့ဒ်နဲ့ သရေကျခဲ့တာကြောင့် မန်စီးတီးနဲ့ ၄ မှတ်သာ ကွာဟတော့တာပါ။
မန်စီးတီးအသင်းအနေနဲ့ အမှတ်လျော့ခဲ့တာတွေ ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ဆုဖလားဆီ အရောက်လှမ်းလာနေပြီဖြစ်ပြီး လက်ရှိခြေစွမ်းနဲ့ ကြိုးစားမှုတွေကို ဆက်ထိန်းနိုင်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ကြောင်း ရိုင်ဒါစ်က ပြောပါတယ်။
ဟော်လန်ကွင်းလယ်လူဟာ အခုနှစ်ရာသီအစကမှ အေစီမီလန်ကနေ ပြောင်းရွှေ့လာတာပါ။ အချိန်တိုအတွင်း အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာက နည်းပြဂွါဒီယိုလာရဲ့ ကူညီပေးမှုတွေကြောင့် ဖြစ်တယ်လို့ ရိုင်ဒါစ်က ပြောသွားပါတယ်။


