
မန်စီးတီးအသင်းဟာ ဆဲလ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ခြေစွမ်းမကောင်းခဲ့ပေမဲ့ နောက်တဆင့်တက်ခဲ့တာက ကောင်းမွန်တဲ့အရာဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
စီးတီးဟာ လိဂ် ၂ ကလပ် ဆဲလ်ဖို့ဒ်အသင်းအပေါ် ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမဲ့ ပွဲစဉ်တခုလုံးမှာ ဂိုးပေါက်တည့်တဲ့ ကန်ချက်က ၄ ကြိမ်ပဲ ရှိခဲ့တာပါ။
ပွဲအစ ၆ မိနစ်ကတည်းက ပြိုင်ဘက်ကစားသမားရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူနဲ့ ဦးဆောင်ခဲ့ပြီး ပွဲချိန် ၈၁ မိနစ်ရောက်မှ နောက်ခံလူ ဂေဟီက အနိုင်ဂိုးထပ်သွင်းခဲ့တာပါ။
အသင်းရဲ့ စွမ်းဆောင်ရည်က ပျင်းစရာကောင်းခဲ့ပြီး ပွဲဆက်များနေလို့ မောပန်းမှုတွေလည်း ရှိတာကြောင့် အကောင်းဆုံး မစွမ်းဆောင်နိုင်ခဲ့တာဖြစ်ကြောင်း၊ ကောင်းမွန်တဲ့အရာတခုက နောက်တဆင့် တက်ရောက်နိုင်တာတခုသာရှိကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။


