Home
မြန်မာသတင်း
ထိုင်းက CI စင်တာများတွင် CDM များကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေ
DVB
·
February 21, 2026

ထိုင်းက CI စင်တာတွေမှာ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး CDM မှာ ပါဝင်ခဲ့သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး၊ CDM လုပ်ထားရင် စာအုပ်ထုတ်မပေးတာကြုံနေရပါတယ်။ 

ဒီနှစ်မှာ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့လုပ်သားတွေအတွက် ပြုလုပ်ပေးတဲ့ ပန်းရောင်ကတ် (ဘတ်) နဲ့ CI (ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) တွေကို ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး ထိုင်းနိုင်ငံ၊ စီအိုင်စင်တာ ၄ ခုမှာ ပြုလုပ်ပေးနေတာပါ။

CI စာအုပ် ပြုလုပ်ပေးရာမှာ မြန်မာလုပ်သာတအချို့ကို စစ်တပ်အာဏာသိမ်းကာလမှာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ ရှိ၊ မရှိ စစ်ဆေးပြီး၊ CDM လုပ်ထားရင် သီးသန့်အခန်းမှာ ခေါ်ယူ မေးမြန်းပြီးနောက် စာအုပ်လုပ်မပေးဘူးလို့ ကိုယ်တိုင် ကြုံရသူတွေဆီက သိရပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ကိုခန့်က “CDM တွေထဲမှာမှ အစိုးရဝန်ထမ်း စီဒီအမ်တွေ၊ အဲထဲမှာမှ အထူးသဖြင့် Blacklist ဝင်ထားသူတွေအတွက် အခက်အခဲအများကြီး ရှိနေတယ်။ တိုးမပေးဘူးလို့ ကြားတယ်။ စာအုပ်ရဖို့ အရေး၊ သက်တမ်းတိုး တုံးထုရဖို့အရေး အဆင်ပြေပြေ ပြီးသွားဖို့အရေးကို ကျနော်တို့ ငွေပိုပေး လုပ်ဆောင်ရတဲ့ အခြေအနေတော့ ရှိတာပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာလအတွင်းကလည်း CI စာအုပ်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေ PJ ပတ်စ်ပို့ ပြောင်းလဲရာမှာ ပတ်စ်ပို့စာအုပ်ထဲ ‘Passport For Thailand Only’ လို့ တံဆိပ်တုံး ထုပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ထိုင်းမှာ တရားဝင်ဖြစ်ဖို့ ဆိုရင် ဝေါ့ပါမစ်၊ ဗီဇာ၊ ပတ်စ်ပို့ (ဒါမှမဟုတ်) CI နဲ့ ပန်းရောင်ကတ်စတဲ့ အထောက်အထား အပြည့်အစုံရှိဖို့ လိုပါတယ်။ 

အခုလို CDM ဝန်ထမ်းတွေကို CI ထုတ်မပေးတာက တရားမဝင်ဖြစ်အောင် လုပ်ဆောင်တာလို့ CDM အသိုက်အဝန်းက ပြောပါတယ်။

CDM ဝန်ထမ်းတယောက်က “ကျနော်တို့ CDM လုပ်ပြီး ပြေးလာရသူအများစုက တချို့ဆိုရင် မှတ်ပုံတင်တခုတည်းနဲ့ အောက်လမ်းကနေလာရတဲ့သူ ရှိတယ်။ ကျနော်တို့ကတော့ အောက်လမ်းက လာတာပဲ။ ဒါပေမဲ့ ကိုယ့်မှာ ပတ်စ်ပို့ စောစောစီးစီး သက်တမ်းတိုးထားတော့ ပတ်စ်ပို့ အလွတ်တော့ ပါလာတယ်။ အဲအတွက်တော့ ပြဿနာ မရှိဘူး။ ထိုင်းမှာ နေဖို့ကျတော့ တရားဝင်ဖြစ်ဖို့ CI စာအုပ် လုပ်ပေးထားတာ ရှိတယ်။ အဲဒါ မရှိရင် လုပ်လို့ မရဘူး၊ လုပ်ခွင့် မရှိဘူးဆိုရင် ဒီမှာ တရားမဝင် နေသလို ဖြစ်သွားမယ်” လို့ ပြောပါတယ်။

CDM ဝန်ထမ်းတွေကို စာအုပ်သက်တမ်း မတိုးပေးတာဟာ နိုင်ငံရေးအရ တိမ်းရှောင်လာတဲ့ CDM သမားတွေကို ပစ်မှတ်ထားတာလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူ တချို့က အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံမှာ ပြောင်းရွှေ့ခိုလှုံ နေထိုင်နေကြပြီး၊ ပန်းရောင်ကတ်၊ CI အထောက်အထားတို့နဲ့ လုပ်ကိုင်နေထိုင်နေကြရပါတယ်။ 

မြန်မာ အလုပ်သမားတယောက်က “အခုလို CDM တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးလာတယ်ဆိုတာ သူတို့ရဲ့ သန္ဓေအမှန်ပါပဲ။ သူတို့ကို ဆန့်ကျင်သွားတဲ့ ဝန်ထမ်းတွေကို ဘယ်လို ဖိနှိပ်ရမလဲဆိုတာ အမြဲ စဉ်းစားထားတာကြောင့် တခုပြီးတခု ရစ်လာတယ်။ ကျနော်တို့ CDM ဝန်ထမ်းတွေ ဘယ်လိုပဲ အခက်အခဲ ရှိရှိ၊ ကျနော်တို့ ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းကို ယုံကြည်ပါတယ်။ တနေ့တော့ အားလုံး အိမ်ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိအခြေအနေအရ ဒီနှစ်အတွင်း ဘတ်အသစ် ပြုလုပ်တဲ့ အလုပ်သမား ၁၁ သိန်းကျော် ရှိပြီး၊ လုပ်ငန်းစဉ်ပြီးဆုံးထားသူ ၃ သိန်းကျော်၊ မပြီးဆုံးသေးသူ ၈ သိန်းကျော် ရှိနေတယ်လို့ သိရပါတယ်။ လုပ်ငန်းစဉ် မပြီးဆုံးသေးတဲ့ အလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်ဖိုး ပေးသွင်းတာ၊ ဆေးစစ်တာ၊ ကျန်းမာရေး အာမခံပြုလုပ်တာနဲ့ လက်ဗွေနှိပ်တာ စတဲ့ လုပ်ငန်းစဉ်တွေကို ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ လုပ်ဆောင်နိုင်ဖို့ အချိန်သက်တမ်း တိုးပေးထားပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013