
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) အတွက် ကျသင့်ငွေကို ဘဏ်ကပဲ ပေးသွင်းဖို့ စစ်ကောင်စီက သတ်မှတ်လိုက်တာကြောင့် လုပ်ငန်းစဥ်မြန်ဆန်မှုအပေါ် ထိခိုက်စေပြီး ကတ်ပြုလုပ်မဲ့ အလုပ်သမားတွေအလုပ်ပိုစေမဲ့ညွန်ကြားချက်ဖြစ်တယ်လို့ အေဂျင်စီနဲ့ ပြည်ပထွက်မဲ့ အလုပ်သမားတွေက ဝေဖန်ပါတယ်။
စစ်ကောင်စီ သြဇာခံအလုပ်သမားဝန်ကြီးဌာနက OWIC အတွက် ကျသင့်ငွေကို မတ်လ ၁ ရက်ကစပြီး မြန်မာ့စီးပွားရေးဘဏ်ကနေ ပေးသွင်းရမယ်လို့ ဖေဖော်ဝါရီ ဒုတိယ အပတ်မှာ ကြေညာထားတာပါ။
လက်ရှိမှာ OWIC ကတ်ပြုလုပ်တဲ့ရုံးမှာပဲ ကျသင့်ငွေကိုပေးသွင်းရတာဖြစ်ပြီး ဘဏ်ကနေပဲ ပေးသွင်းဖို့ သတ်မှတ်လိုက်တာကြောင့် ဘဏ်ကို တကူးတကသွားရောက် ဆောင်ရွက်ရမဲ့ လုပ်ငန်းစဥ်တခု ထပ်တိုးသွားကာ မလိုအပ်ပဲ အလုပ်ပိုစေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
"လုပ်ငန်းစဥ်မြန်ဆန်အောင် One Stop Service လုပ်ရမဲ့အစား လုပ်ဆောင်ချက်ထပ်တိုးပြီး အလုပ်ပိုရူပ်အောင် လုပ်သလိုဖြစ်နေတာ။ အလုပ်သမားတွေက ငွေသွင်းဖို့အတွက် ဘဏ်မှာသွား အချိန်ကုန်ရဦးမယ်။"
OWIC ကတ် ပြုလုပ်ခွင့်ရရှိတဲ့ အလုပ်သမားတွေအနေနဲ့ ကတ်တန်ဖိုး ကျပ် ၅,၆၀၀ နဲ့ ပျောက်ဆုံးပျက်စီးတဲ့သူတွေက ဒဏ်ကြေးကျပ် ၂၂,၄၀၀ ကို မြန်မာ့စီးပွားရေးဘဏ်ခွဲတွေကတဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီရဲ့ ငွေစာရင်းထဲ ပေးသွင်းရမယ်လို့ အသိပေးကြေညာထားတာဖြစ်ပါတယ်။
အဲဒီနောက်ပေးသွင်းခဲ့တဲ့ ငွေလွှဲလျှောက် လွှာမူရင်း ၊ မိတ္တူ ၁ စောင်ယူကာ ကတ်လုပ်ခွင့်ရတဲ့နေ့မှာ OWIC ထုတ်ပေးရေးစင်တာဆီ သွားရောက်ဆောင်ရွက်ရမှာဖြစ်ပြီး ငွေစာရင်းအမှတ် မှားယွင်းပေးသွင်းတာ၊ ငွေလွှဲလျှောက်လွှာ မမှန်ကန်တာ၊ ငွေလွှဲလျှောက်လွှာ(မူရင်း) မပြသနိုင်တာတို့ဖြစ်ပေါ်ခဲ့ရင် ကတ်ထုတ်ပေးမှာ မဟုတ်ဘူးလို့လည်းသတိပေးထားပါတယ်။
အခုလို ဘဏ်ကနေ ငွေသွင်းဖို့အတွက် အနည်းဆုံးအချိန် ၁ ရက်ပေးရမှာဖြစ်ပြီး အလုပ်ပိုအောင် ရည်ရွယ်စေခိုင်းတဲ့သဘော သက်ရောက်နေတယ်လို့ OWICကတ် ပြုလုပ်ခွင့် လျှောက်ထားသူတယောက်က ပြောပါတယ်။
"လွယ်တာကို ရှုပ်အောင်တမင်လုပ်နေသလိုပဲ။ ဌာနဆိုင်ရာတွေရဲ့ ကြိုးနီစနစ်က မပျောက်နိုင်ဘူး။ ငွေသားသွင်းတာမလိုချင်ရင် အများသုံးတဲ့ K-Pay တို့ Wave-Pay တို့ကနေ သွင်းလို့ရအောင် စီစဥ်ပေးပေါ့။"
စစ်ကောင်စီက အလုပ်အကိုင်အမျိုးအစား ပတ်စ်ပို့ PJ ကိုင်ဆောင်ထားသူတွေကို OWIC ကတ်ရှိမှ ပြည်ပ ထွက်ခွင့်ပြုတာဖြစ်သလို ပြည်ပထွက်ခွင့်အတွက်ပါ ခွင့်ပြုချက်တင်ရပြီး ခွင့်ပြုစာရင်းထဲမှ ထွက်ရမယ်ဆိုပြီး တင်းကျပ်နေတဲ့အပေါ်ဝေဖန်မှုတွေ ရှိနေပါတယ်။


