
လာမဲ့ မတ်လ ၁ ရက်က စတင်ကာ OWIC ကတ် အသစ် ထုတ်ပေးတာတွေ လုပ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး၊ လက်ရှိအချိန်မှာတော့ OWIC ကတ် အချိန်မီ မရတာကြောင့် အလုပ်သမားတွေ ပြည်ပထွက်ရခက်တဲ့ အခြေအနေ ကြုံနေရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) ကတ်အသစ်တွေကို လာမဲ့ မတ်လမှာ ပြန်လည် ထုတ်ပေးမယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်က စစ်တပ် ဝါဒဖြန့် သတင်းစာတွေမှာ ကြေညာခဲ့ပါတယ်။
OWIC ကတ်တွေကို ၂၀၂၅ မတ်လ နောက်ပိုင်းက စတင်ကာ အကန့်အသတ်နဲ့သာ ထုတ်ပေးတာကြောင့် အလုပ်သမားတွေဟာ OWIC ကတ် အချိန်မီ မရတာကြောင့် ပြည်ပ ထွက်ရခက်တဲ့ အခြေအနေတွေ ကြုံနေရတာပါ။
ပြီးခဲ့တဲ့လပိုင်းလည်း ပြည်ပကနေ ခွင့်နဲ့ ပြန်လာတဲ့ အလုပ်သမားတွေ ပြည်ပ ပြန်ထွက်တဲ့အခါ အထောက်အထား မစုံဘူးဆိုကာ Domestic Workers (အိမ်အကူ) ဖြစ်နေတာကြောင့် ထွက်ခွင့် မရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။
ပြည်ပ အလုပ်သမားတယောက်က “အေဂျင်စီကတဆင့် မဟုတ်ဘဲ ပွဲစားတွေကနေ မိမိ အစီအစဉ်နဲ့ မိမိ တင်လို့ရတဲ့သူတွေ ရှိတယ်လည်း ပြောတယ်။ ခွင့်ပြန်တွေလည်း အပြင်ကနေ တင်လို့ ရတယ်လို့ ရှိတယ်လို့ ပွဲစားတွေက ပြောတယ်။ အပြင်မှာတော့ ညီမတို့ သူငယ်ချင်းတွေထဲမှာ ခွင့်နဲ့ ပြန်လာတဲ့သူတွေလည်း ပြန်ထွက်လို့ မရသေးတဲ့သူတွေ အများကြီးပဲ။ OWIC ကတ် တင်လို့ မရသေးသူတွေရော၊ ပွဲစားနဲ့ တင်ထားပြီးတော့ ကတ် ပြန်မကျလာသေးလို့ ဟိုဘက်ကနေ အလုပ်ပြုတ်သွားသူတွေလည်း အများကြီးရှိတယ် နိုင်ငံပေါင်းစုံကပေါ့။ ပြန်လာပြီး ဟိုဘက်က သူဌေးက မစောင့်နိုင်ဘူး။ ဒီဘက်မှာလည်း ခွင့်ပြန်ပြီး OWIC ကတ် လုပ်ခွင့်တင်ထားပေမဲ့ မရသေးလို့ မစောင့်နိုင်လို့ Cancel လုပ်ချပြီး အလုပ်ပြုတ်သွားတာလည်း ရှိတယ်။ အခုဆိုရင် နိုင်ငံခြားက ဂျပန်တို့၊ စင်ကာပူတို့က မြန်မာနိုင်ငံကနေ နောက်ထပ် အလုပ်သမားအသစ်တွေ ခေါ်ယူဖို့ စိတ်ကူး မရှိကြတော့ဘူး”လို့ ပြောပါတယ်။
OWIC ကတ် လုပ်ခွင့် ရကြောင်း ကြေညာခံရတဲ့ အလုပ်သမားတွေအနေနဲ့ ၂၀၂၆ မတ်လ ၁ ရက်က စတင်ကာ ကတ်ဖိုး ကျပ် ၅၆၀၀ နဲ့ ပျောက်ဆုံး/ ပျက်စီးပါက ဒဏ်ကြေးအဖြစ် ကျပ် ၂၂၄၀၀ ကို မြန်မာ့စီးပွားရေးဘဏ်ခွဲတွေက တဆင့် ပေးသွင်းနိုင်မယ်လို့ စစ်ကောင်စီ ပြန်ကြားရေး သတင်းစာထဲမှာ ထုတ်ပြန် ကြေညာထားပါတယ်။
OWIC ကတ် လုပ်ငန်းစဉ်ဟာ ၂၀၂၅ မတိုင်ခင်က မြန်ဆန်ခဲ့ပေမဲ့ လက်ရှိမှာတော့ အချိန် ၃ လကနေ ၆ လလောက်အထိ ကြန့်ကြာတာတွေကြောင့် ခွင့်ပြန် အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင် ဆုံးရှုံးတာတွေ၊ ငွေကြေး ဆုံးရှုံးတာတွေလည်း ကြုံနေရတာ ဖြစ်ပါတယ်။
ပြည်ပအလုပ် အေဂျင်စီ တာဝန်ရှိသူတယောက်က “အဆင်မပြေဘူးဆိုတာ ဘာလို့လဲဆိုတော့ နဂိုဆောင်ရွက်ပြီးသားလူတွေက သက်ဆိုင်ရာ နိုင်ငံတွေက အလုပ်သမားလိုလို့ ခေါ်တာလေ။ အခုလို အရေအတွက် ကန့်သတ်ပြီး လွှတ်နေရတဲ့အခါကျတော့ သူတို့ လိုအပ်ချက် ရှိနေတဲ့အချိန်မှာ မရောက်ဘဲ နောက်ကျမှ ရောက်တယ်ဆိုရင် ဟိုဘက်ကလည်း လုပ်သား လိုအပ်ချက် မရှိတဲ့အချိန်မှာဆိုရင် အလုပ်ရှင်တွေကနေ အလုပ်ခေါ်ယူမှု ရပ်ဆိုင်းတာတွေ ကြုံနေရတဲ့ အခြေအနေတွေကတော့ ကျနော်တို့အတွက် တကယ့်ကို စိန်ခေါ်မှုတွေပါပဲ။ အားလုံးက မျှော်လင့်ချက်တွေနဲ့ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အားနည်းနေလို့ နိုင်ငံရပ်ခြား သွားတဲ့သူတွေပဲလေ။ ကိုယ့် အနာဂတ် မိသားစုအတွက် သွားတဲ့သူတွေပဲလေ။ သူတို့မှာ ကုန်ကျစရိတ်တွေ၊ ငွေကြေး ရင်းနှီးမှုတွေ၊ အတိုးတွေနဲ့ ယူထားရတာ။ အဲ့အပေါ် ဆောင်ရွက်ပြီးသား လူတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနဘက်က အမြန် ဆောင်ရွက်ပေးစေလိုတယ်”လို့ ပြောပါတယ်။
PJ (အလုပ်အကိုင်) နိုင်ငံကူးလက်မှတ်နဲ့ OWIC ကတ် ကိုင်ထားသူတွေအနေနဲ့ အလုပ်ဗီဇာနဲ့ ပါမစ် မရှိဘဲ နိုင်ငံခြားထွက်မယ်ဆိုရင် PV (အလည်အပတ် ပတ်စ်ပို့) အမျိုးအစားကို ပြောင်းလဲထားရမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေ ပြန်အသက်သွင်းပြီးနောက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို ပြည်ပထွက်ခွင့် တင်းကျပ်ခဲ့တာကြောင်း ပြည်ပမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေပါ ပြည်ပထွက်ရခက်တဲ့ အခြေအနေကို ကြုံနေရတာ ဖြစ်ပါတယ်။
ဇွဲသစ်


