
Flamingo စက်ရုံမှာ လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်မယ်ဆိုပြီး လုပ်ငန်းရှင်ဘက်က အသိပေးကြေညာခဲ့တယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်ထဲမှာ ဖွင့်ထားတဲ့ Myanmar Little Flamingo Fashion အထည်ချုပ်စက်ရုံမှာ လုပ်ခဒေးကြေးတိုးပေးဖို့နဲ့ အထည်ချုပ်လုပ်နိုင်မှုအပေါ် လုပ်ခတွက်ချက်ပေးတဲ့စနစ် Ticket အစား Grade ကြေးပြောင်းပေးဖို့ဆိုကာ အလုပ်သမားတွေက ဖေဖော်ဝါရီ ၆ ရက်ကစပြီး လုပ်ငန်းခွင်ထဲ စုပေါင်းတောင်းဆိုခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီအချက်နှစ်ချက်အတွက် အလုပ်သမား ၃၀၀ ကျော်က တောင်းဆိုခဲ့တာဖြစ်ပြီ ဖေဖော်ဝါရီ ၇ ရက်မှာ တောင်းဆိုတဲ့အထဲမှာ ပါတဲ့သူတွေကို လျော်ကြေးပေးပြီး အလုပ်ထုတ်မယ်ဆိုပြီး စက်ရုံဘက်က ကြေညာခဲ့တာလို့ STUMက အသိပေးထုတ်ပြန်ထားပါတယ်။
တောင်းဆိုတဲ့အထဲမှာ ပါဝင်သူ အလုပ်သမားတယောက်က “တောင်းဆိုချက်မှာ ငွေကြေးအတိအကျ ဖော်ပြမထားဘဲ ညှိနှိုင်းရသလောက် ယူမယ်လို့ လမ်းဖွင့်ပေးထားပေမဲ့ လုပ်ငန်းရှင်က လက်မခံဘဲ အလုပ်ထုတ်ဖို့ကို ဦးတည်ပြောဆိုနေတယ်” လို့ ပြောပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုမှုပြုနေတဲ့ ကာလအတွင်းမှာ အလုပ်ရှင်ဘက်က ကောင်း ကောင်းမွန်မွန် လက်ခံကာ ညှိနှိုင်းပေးရမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရဲ့ သတ်မှတ်ပြဋ္ဌာန်းချက်အရ တောင်းဆိုတာကို အကြောင်းပြုပြီး အလုပ်ပိတ်တာ၊ အလုပ်ထုတ်တာ လုပ်လို့မရဘူးလို့ STUM က ထောက်ပြထားပါတယ်။
အခုလို သတ်မှတ်ပြဋ္ဌာန်းချက်တွေကို အလုပ်ရှင်တွေဘက်က ချိုးဖောက်ကျူးလွန်ရင် သက်ဆိုင်တဲ့ အလုပ်သမားဦးစီးဌာနတွေက မတားမြစ်ဘဲ မသိကျိုးကျွန်ပြုပေးလေ့ရှိတယ်လို့ အဲဒီသမဂ္ဂအဖွဲ့ချုပ်က ပြောပါတယ်။
Myanmar Little Flamingo Fashionအ ထည်ချုပ်စက်ရုံအပြင် ရန်ကုန်တိုင်းအတွင်းက စက်ရုံအချို့လည်း ၂၀၂၆ နှစ်အစမှာ လုပ်ခတိုးပေးဖို့ တောင်းဆိုတာတွေ ရှိနေတယ်လို့ အလုပ်သမားအဖွဲ့တွေဆီက သိရပါတယ်။


