
ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင်၊ နောင်ခမ်း ကျလင်စီပင် ထောင်အဆောင်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား တွေထဲက ပွဲစားက အလုပ်စမတ်ကြေးလိမ်ပြီး ထွက်ပြေးသွားတဲ့အတွက် အလုပ်သမား ၆၀ ကျော် ဒုက္ခရောက်နေရတယ်လို့ အလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
မြန်မာအလုပ်သမား ၆၃ ယောက်ကို အလုပ်သွင်းပေးမည်ဆိုပြီး မြန်မာပွဲစားက တယောက်ကိုစမတ်ကြေး ဘတ် ၈၅၀၀ တောင်းယူကာ စုစုပေါင်း ဘတ်ငွေ ၅၃၅,၅၀၀ လိမ်ပြေးသွားတယ်လို့ သိရပါတယ်။
ငွေလိမ်သွားတဲ့ ပွဲစားဖြစ်သူ ပြည့်ဖြိုးပိုင်နဲ့ သူ့ရဲ့ မိန်းမ ဖူးဇင်တို့ကတော့ မြန်မာနိုင်ငံအတွင်း ပြန်ထွက်ပေးသွားတာလို့ သိရပါတယ်။
WAG အလုပ်သမားမဟာမိတ်အဖွဲ့တာဝန်ရှိသူက “လိမ်တဲ့သူက မြန်မာဘက်အခြမ်းထဲကို ဝင်ပြေးသွားပြီ။ ဒီက ဘတ် ၅ သိန်းကျော်လောက် အလုပ်သမားတွေဆီက လိမ်သွားတာ။ အခုအလုပ်သမားတွေအကုန်ချွန်ဘူလီမှာ ဒုက္ခရောက်နေပြီ။ လုပ်ငန်းရှင်ပါ ဒုက္ခရောက်တာ” ပြောပါတယ်။
စမတ်ကြေးတွေ ပြန်လည်ရရှိဖို့နဲ့ ပွဲစားလင်မယားကို အရေးယူနိုင်ဖို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့က ကူညီပေးနေတယ်လို့ သိရပါတယ်။


