Home
မြန်မာသတင်း
STUM သမဂ္ဂအဖွဲ့ဝင်များ ပြန်လွတ်မြောက်လာသည့်အပေါ် EU သံရုံး ကြိုဆို
DVB
·
February 20, 2026

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ အဖွဲ့ဝင် ၉ ယောက် ပြန်လွတ် မြောက်လာတာကို ကြိုဆိုကြောင်း မြန်မာနိူင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံရုံးက ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။ 

STUM အဖွဲ့ဝင် ၉ ယောက်မှာ ဖေဖော်ဝါရီ ၉ ရက်က တရားရုံးဆုံးဖြတ်ချက်နဲ့ အင်းစိန်ထောင်အချုပ်ကနေ ပြန်လွတ်လာပြီးနောက်မှာ EU သံရုံးက ထုတ်ပြန်ခဲ့တာပါ။

"အလုပ်သမားတွေအနေနဲ့ ခြိမ်းခြောက်တာ၊ ပြစ်ဒဏ်ပေးတာတွေကို ကြောက်ရွံခြင်းမရှိဘဲ လွတ်လပ်စွာစုဖွဲ့နိုင်ပြီး မိမိတို့ရဲ့အမြင်ကို လွတ်လပ်စွာဖော်ပြခွင့်ရသင့်တယ်" လို့ EU ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

STUM သမဂ္ဂအဖွဲ့ဝင် ၉ ယောက်ကို အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တို့နဲ့ တရားစွဲဆိုထားတဲ့အပေါ် ဖေဖော်ဝါရီ၁၉ရက်က ရွှေပြည်သာမြို့ နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားစွဲဆိုမူအား ရုပ်သိမ်းလိုက်တဲ့အတွက် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်မျိုးမျိုးအေး နဲ့ STUM အဖွဲ့ဝင်တွေကို ၂၀၂၅ ဇူလိူင်လကုန်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့သလို သာဓုကန်စက်မူဇုန်မှ ဝမ်ရှင့်သာကုမ္ပဏီ မန်နေဂျာဦးသီဟနိုင်က အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တို့နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို ၂၀၂၅ နှစ်ကုန်ပိုင်းက တရားစွဲဆိုထားတာတွေ ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွှတ်ပေးခဲ့လို့ တရားစွဲခံရမူကနေ ကင်းလွတ်ခဲ့ပေမဲ့ ကျန်သမဂ္ဂအဖွဲ့ဝင်တွေက အချုပ်သားအဖြစ်နဲ့ တရားဆက်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီသမဂ္ဂအဖွဲ့ဝင်တွေမှာ အင်းစိန်ထောင်အချုပ်မှာ ၇ လနီးပါးကြာ ထိန်းသိမ်းခံရပြီးမှ ပြန်လွတ်လာတာဖြစ်ပါတယ်။

ဒါပေမဲ့ ရွှေပြည်သာမြို့နယ်တရားရုံးက ဒေါ်မျိုးမျိုးအေးကို ၆ လ ခြေချုပ်၊ မြောက်ဥက္ကလာပ မြို့နယ်တရားရုံးက သမဂ္ဂအဖွဲ့ဝင်တယောက်ကို ၆ လ ခြေချုပ်၊ အင်းစိန်မြို့နယ်တရားရုံးက သမဂ္ဂအဖွဲ့ဝင်မဟေမာန်ဦးကို ၃ နှစ် ခြေချုပ်နဲ့ ရွှေပြည်သာမြို့နယ်တရားရုံးက ကျန်သမဂ္ဂအဖွဲ့ဝင် ၇ ယောက်ကို ၁ နှစ်ခြေချုပ်ချထားတဲ့အတွက် ခြေချုပ်ပြစ်ဒဏ်ကာလအတွင်း လတိုင်းကောင်းမွန်စွာနေထိုင်ကြောင်း မြို့နယ်ရဲစခန်းသွားပြီး သတင်းပို့ရဖို့ရှိတယ်လို့ STUM ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013