Home
မြန်မာသတင်း
ပြည်ပထွက်ခွာခွင့်ကို ကိုယ်စားဖြင့်လျှောက်သည့် အလုပ်သမားအချို့ ငွေလိမ်ခံနေရ
DVB
·
February 20, 2026

ပြည်ပကိုထွက်ခွာခွင့်အတွက် ကိုယ်စားလျှောက်ပေးသူကို အပ်နှံဆောင်ရွက်တဲ့ အလုပ်သမားတချို့ ငွေကြေးလိမ်လည်ခံရတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေနဲ့ ဝန်ဆောင်မှု ပေးနေသူတွေဆီက သိရပါတယ်။

ခွင့်ပြန်အလုပ်သမားနဲ့ ကျွမ်းကျင်လုပ်သားအဖြစ် ကိုယ့်အစီအစဥ်နဲ့ကိုယ် ပြည်ပကို သွားရောက်မဲ့ အလုပ်သမားတချို့က ကိုယ်တိုင် ပြည်ပထွက်ခွာခွင့် လျှောက်ထားတာ မရှိတဲ့အပေါ် အခွင့်ကောင်းယူပြီး လိမ်လည်မှုတွေ ရှိနေတာလို့ ဆိုပါတယ်။

ငွေလိမ်ခံလိုက်ရတဲ့ ခွင့်ပြန်အလုပ်သမားတယောက်က “စစချင်းကတော့ ပိုက်ဆံကြိုပေးစရာ မလိုဘူး ပြောလို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးလိုက်ပြီး အပ်လိုက်တာ။ နောက်ရက်ကျတော့ စိစစ်တဲ့ အလုပ်သမားရုံးကဆိုပြီး ဖုန်းဝင်လာတယ်။ ဟိုဟာလိုတယ်၊ ဒီဟာလိုတယ်နဲ့ ပြောပြီး အမြန်ရချင်ရင် ဘယ်လောက် ဘယ်လောက် ပေးရမယ်တောင်းလို့ ၉ သိန်းလောက် ငွေလွှဲလိုက်တယ်။ ပြီးတော့ နာမည်စာရင်းက ကျမလာဘူး။ စုံစမ်းကြည့်တော့ အလုပ်သမားရုံးကလည်း မဟုတ်ဘူး၊ ရုံးမှာလည်း လျှောက်ထားခွင့်တင်ထားတာ မရှိဘူး” လို့ ပြောပါတယ်။

အဲဒီလို ငွေလိမ်လည်ဖို့သက်သက်နဲ့ ဝင်လာသူတွေကြောင့် အမှန်တကယ် ဝန်ဆောင်မှုပေးပြီး လုပ်ကိုင်နေတဲ့သူတွေအတွက်လည်း ထိခိုက်နစ်နာရတယ်လို့ ပြည်ပထွက်မဲ့ အလုပ်သမားတွေရဲ့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဝန်ဆောင်မှုပေးနေသူတယောက်က ပြောပါတယ်။

“ငွေလိမ်ဖို့အတွက် ဝင်လာတဲ့သူတွေကြောင့်ပဲ တကယ်လုပ်ပေးနေတဲ့သူတွေကိုပါ ယုံကြည်မှု လျော့သွားတာပေါ့။ လိမ်တဲ့သူတွေက နေရာတိုင်းမှာ လိုက်ဝင်နှောင့်ယှက်နေတာ။ ပြည်ပထွက်မဲ့သူတွေအနေနဲ့ ဖြစ်နိုင်ရင် ကိုယ်တိုင်လျှောက်၊ ဒီလိုမှမဟုတ်ရင် သေသေချာချာ စုံစမ်းပြီးမှ ကိုယ်စားအပ်ဖို့ပဲ အကြံပေးချင်တယ်။”

စစ်ကောင်စီ သြဇာခံ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားတွေကို ထွက်ခွာခွင့်ကျမှ ပြည်ပကို သွားရောက်ခွင့်ရမယ်ဆိုပြီး ဇန်နဝါရီလ ဒုတိယအပတ်မှာ ညွှန်ကြားချက် ထုတ်ခဲ့တာပါ။

ပြည်ပထွက်ခွာခွင့်ကို နေပြည်တော်မှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနအထိ ကာယကံရှင်ကိုယ်တိုင် တင်နိုင်သလို စာတိုက်၊ အမြန်ချောပို့နဲ့ ကိုယ်စားလှယ်ကတဆင့် လျှောက်ထားလို့ရတယ်ဆိုပြီး သတ်မှတ်ထားပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီနဲ့ ချိတ်ဆက်ထားတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာ အေဂျင်စီက တာဝန်ယူ ဆောင်ရွက်ပေးတဲ့အတွက် ပြဿနာမရှိပေမဲ့ ခွင့်ပြန်နဲ့ ကျွမ်းကျင်အလုပ်သမားအနေနဲ့ သွားရောက်မဲ့သူတွေထဲက ရုံးလုပ်ငန်းပိုင်း အကျွမ်းမဝင်သူတွေတချို့မှာ ကိုယ်စားလျှောက်ပေးသူနဲ့ ချိတ်ဆက် လုပ်ဆောင်ကြတာလို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ကိုယ်တိုင် နေပြည်တော်အထိသွားရင် စရိတ်စက ပိုကုန်မှာရယ်၊ စာတိုက်ကလျှောက်ရင် ရောက်မရောက် မသိနိုင်တာမျိုးတွေရှိတော့ ကိုယ်စားလျှောက်ပေးတဲ့သူကို အပ်လာကြတာ။ ဝန်ဆောင်မှုလုပ်ကွက်အသစ် ပေါ်လာတဲ့သဘော၊ အဲဒီထဲကမှ လိမ်မဲ့သူတွေကလည်း ရောပါလာတယ်။”

အလုပ်သမားကိုယ်စား အမှန်တကယ် လုပ်ပေးနေသူတွေက ကြိုတင်ငွေယူတာမရှိဘဲ ပြည်ပထွက်ခွာခွင့်ပြုတဲ့ စာရင်းထဲ နာမည်ပါလာမှ ဝန်ဆောင်ခပေးဖို့ သတ်မှတ်ထားပြီး ဝန်ဆောင်ခနှုန်း အနေနဲ့ ကျပ် ၃၀,၀၀၀ နီးပါး ပေါက်စျေးရှိတယ်လို့ ကိုယ်တိုင်လုပ်ကိုင်နေသူတွေက ပြောပါတယ်။

အရင်က ပြည်ပထွက်ခွာခွင့်အတွက် အီးမေးလ်ကနေ လျှောက်ထားတာကို လက်ခံခဲ့ပေမဲ့ ဇန်နဝါရီလမှာ မူဝါဒပြောင်းလဲကာ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ နေပြည်တော်အထိ တင်ပြ လျှောက်ထားရမယ်လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013